KNU တပ်မဟာ (၁) နယ်မြေအစပ်တွင် တိုက်ပွဲဖြစ်ပွား 

By YT  ( မဇ္ဈိမ)
24 March 2023
KNU တပ်မဟာ (၁) နယ်မြေအစပ်တွင် တိုက်ပွဲဖြစ်ပွား 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအကျော်သို့ စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်သားများ တ်ိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်တွင် ဒဏ်ရာရသူဦးရေ များပြားကြောင်း သိရသည်။ 

KNU တပ်မဟာ (၃) ရွှေကျင်ဘက်မှ တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအနီးသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများအား မတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် တပ်မဟာ (၁) KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

" အခုတိုက်ပွဲဖြစ်တဲ့နေရာက တပ်မဟာ (၁) နဲ့ (၃) အစပ်လို့ပြောလို့ရတယ်။ ဝင်းကံတံတားကျော်လိုက်ရင် တပ်မဟာ (၃) ပဲ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

တိုက်ပွဲသည် ၂၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း တိုက်ပွဲအတွင်း ၄၀ မမ၊ အီနာဂါ လက်နက်ကြီးအမျိုးအစားများအား အသုံးပြုခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်တွင် အထိအခိုက်များကြောင်း သိရသည်။ 

" ရန်သူဘက်က ငါးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ အတွင်းသတင်းရင်းမြစ်တွေဆီကတစ်ဆင့် ပြန်သိရတယ်။ တိုက်ပွဲပြီးတော့ စစ်ကောင်စီတပ်ဘက်က ရာဘာခြံတစ်ခြံကို မီးရှို့သွားပါတယ်" ဟု ပူးပေါင်းတပ်ဖွဲ့ တွင်ပါဝင်သော ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်သည် ရာဘာခြံတစ်ခြံအား မီးရှို့ဖျက်ဆီးသွားကြောင်း ပူးပေါင်းတပ်ဖွဲ့ တွင်ပါဝင်သော ရဲဘော်တစ်ဦးထံမှ သိရသည်။ 

ဒါ့အပြင် မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် တပ်မဟာ (၁) KNLA၊ PDF၊ KRF ပူးပေါင်းတပ်ဖွဲ့မှ သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇) နှင့် အမတ(၃၁၀) တို့အား လက်နက်ကြီးများဖြင့် ၃၀ မိနစ်ခန့် တိုက်ခိုက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ ရန်သူ့ဘက်ကအထိအခိုက်အကျအဆုံးအား စုံစမ်းနေဆဲဖြစ်ကြောင်း KRF က သတင်းထုတ်ပြန်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required