ကလေးမြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား တိုက်ခိုက်ခံရပြီး သေဆုံး

By ပါခွီး
24 March 2023
ကလေးမြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား တိုက်ခိုက်ခံရပြီး သေဆုံး

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းထန် ဒဏ်ရာရရှိသွားကြောင်း Chin Rifles (CR) တာဝန်ရှိသူထံမှ သိရသည်။

မတ်လ ၂၂ရက်နေ့ နံနက် ၈နာရီ ၃၀မိနစ်အချိန်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားကို စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“သူတို့ဈေးဝယ်ဘို့ အပြင်ထွက်တာကို သတင်းအတိအကျရထားတဲ့အပေါ်မှာ မစ်ရှင်ဆွဲပြီးလုပ်ခဲ့တာပါ ၊ ပစ္စတိုနဲ့ပဲ ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု CR တာဝန်ရှိသူ မှ မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့၊ စမ်းမြို့ရပ်ကွက် အ.ထ.က (၈) တွင် အင်အား ၂၀ခန့်ဖြင့် တပ်စွဲထားသည့် တပ်ဖွဲ့များဝင်များထဲမှ ဖြစ်ကြောင်းသိရသည်။

အဆိုပါ စမ်းမြို့ကျောင်းသည် ကလေးမြို့နှင့် တာဟန်းရပ်အလယ်တွင် တည်ရှိပြီး အချက်အချာကျကာ စစ်ကောင်စီတပ်သားများသည် လမ်းသွား လမ်းလာများကို စစ်ဆေးဖမ်းဆီးခြင်း လမ်းများပိတ်ဆို့ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

ပြည်သူများ ဒုက္ခဖြစ်ရန် မည်သည့်ပြုမှုလုပ်ဆောင်မှုမဆို ရှေ့တန်းက ရင်ဆိုင်သွားမည်ဖြစ်ပြီး ပြည်သူ့အခွင့်အရေးများကို အဓမ္မလုယူသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ရတဲ့နည်း ရှိသည့်လက်နက်ဖြင့် တော်လှန်တိုက်ခိုက်နေမည် ဖြစ်ကြောင်း CR တာဝန်ရှိသူမှ ပြောဆိုသည်။

Chin Rifles (CR) တပ်ဖွဲ့သည် ယခင်က Chin Secret Service (CSS) မှ ဗဟိုကော်မတီဝင်များ ဆုံးဖြတ်ချက်ဖြင့် ဒီဇင်ဘာ ၇ရက် ၂၀၂၂ခုနှစ်တွင် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ကာ တိုင်းရင်းသားအားလုံး တန်းတူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required