KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်က ဒေသခံအချို့ကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံး ပြုနေ

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်က ဒေသခံအချို့ကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံး ပြုနေ

မဇ္ဈိမ။ ။KNU တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဥသျှစ်ကုန်းကျေးရွာသို့ဝင်ရောက်ကာ ဒေသခံ ၂၂ ဦးကို ကြိုးဖြင့်တုတ်၍ လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မတ်လ ၂၀ ရက် နံနက် ၅ နာရီခွဲတွင် ရေတွင်းကုန်းရွာမှတစ်ဆင့် ဥသျှစ်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့်လည်းပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ဖမ်းဆီးခံရသော ဒေသခံ ၂၂ ဦးအနက် အသက်မပြည့်သေးသည့် လူငယ်သုံးဦးနှင့် ဥသျှစ်ကုန်းရွာတွင် စစ်ဘေးရှောင်နေသော စစ်ဘေးရှောင်လေးဦးလည်းပါဝင်ကာ အချို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဖမ်းထားတာ ၁၄ ယောက် ကျန်သေးတယ်။ ကျန်တဲ့သူတွေတော့ ပြန်လွတ်လာပါပြီ" ဟု ဒေသခံတစ်ဦး က မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်သည် မုန်းမြို့အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒေသခံပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူဖျက်ဆီးခြင်းများကြောင့် မတ်လ ၂၀ ရက်နေ့အထိ ကျေးရွာခုနစ်ရွာမှ ဒေသခံ ၄,၁၅၂ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

KNU တပ်မဟာ (၅) နယ်မြေတွင်လည်း မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သေးသည်။

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ဖာပွန်ခရိုင်၊ လူသော မြို့နယ်၊ ဘောသေထာကျေးရွာအုပ်စု၊ ထူမောဒဲ(အနောက်ဖက်ကမ်း)ကျေးရွာအတွင်း ကျရောက်မှု ကြောင့် အသက်(၄၅) နှစ်အရွယ် စောအေဘိုသည် ဝမ်းဗိုက်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly