ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာမှ အရပ်သားအချို့ကို စစ်ကောင်စီက ယမန်နှစ်က သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် အုပ်ချုပ်ရေးမှူးဦးထွန်းဆန်းဆိုသူကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Kyonpyaw Special Task Force က သတင်းထုတ်ပြန်သည်။
ကျုံပျော်မြို့နယ်၊အင်ဖျားအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးထွန်းဆန်းသည် ယမန်နေ့ မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ဦးထွန်းဆန်းအား အင်းဖျားရွာနှင့် လိန်ကုန်းရွာကြားရှိ နတ်စင်နားတွင် သေနတ်ဖြင့် အနီးကပ်သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Kyonpyaw Special Task Force က သတင်းထုတ်ပြန်ထားသည်။
"လှေဆွဲရွာကို အကြမ်းဖက်ဖို့အတွက် စစ်တပ်ကို အဓိက တွန်းအားပေးခဲ့တာ ဦးထွန်းဆန်းပါ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က ရှင်းလင်းခဲ့တာပါ"ဟုKyonpyaw Special Task Force မှ တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က လှေဆွဲကျေးရွာနေ ဒေသခံများကို စစ်ကောင်စီ ခြေလျင်တပ်ရင်း(၃၆)တပ်နှင့် ရဲများက အကြမ်းဖက်ပစ်ခဲ့ရာ ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟုသိရသည်။ဦးထွန်းဆန်းမှာ ထိုအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူဖြစ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု
ဟုKyonpyaw Special Task Force က သတင်း ထုတ်ပြန်သည်။
ဦးထွန်းဆန်းသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရပြီး ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများလာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောသည်။
ထို့အပြင် ဦးထွန်းဆန်းသည် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို မဟုတ်မမှန်သတင်းပေးတိုင်ကြားမှုကြောင့် လှေဆွဲကျေးရွာ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ခဲ့ရုံ သာမက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးအနေဖြင့် ရပ်ရွာပြည်သူများကို ဆက်လက်ဒုက္ခပေးနေသောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Kyonpyaw Special Task Force က သတင်းထုတ်ပြန်ထားသည်။
Kyonpyaw Special Task Force သည်
ကျုံပျော်မြို့ပြပျောက်ကျား အဖွဲ့အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေသော ဧရာဝတီတိုင်းခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။
စာတည်း - မောင်ကြီး