ကျုံပျော်၊ လှေဆွဲကျေးရွာဒေသခံများအား အကြမ်းဖက်ရန် စစ်တပ်အား တွန်းအားပေးခဲ့သူ သေနတ်ဖြင့် ပစ်သတ်ခံရ 

By မင်းထက် မဇ္စျိမ
23 March 2023
ကျုံပျော်၊ လှေဆွဲကျေးရွာဒေသခံများအား အကြမ်းဖက်ရန် စစ်တပ်အား တွန်းအားပေးခဲ့သူ သေနတ်ဖြင့် ပစ်သတ်ခံရ 

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာမှ အရပ်သားအချို့ကို စစ်ကောင်စီက ယမန်နှစ်က သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် အုပ်ချုပ်ရေးမှူးဦးထွန်းဆန်းဆိုသူကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Kyonpyaw Special Task Force က သတင်းထုတ်ပြန်သည်။ 

ကျုံပျော်မြို့နယ်၊အင်ဖျားအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးထွန်းဆန်းသည်   ယမန်နေ့  မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ဦးထွန်းဆန်းအား အင်းဖျားရွာနှင့် လိန်ကုန်းရွာကြားရှိ နတ်စင်နားတွင် သေနတ်ဖြင့် အနီးကပ်သုံးချက်ပစ်ခတ်ရှင်းလင်းခဲ့​ခြင်းဖြစ်ကြောင်း Kyonpyaw Special Task Force က  သတင်းထုတ်ပြန်ထားသည်။ 

"လှေဆွဲရွာကို အကြမ်းဖက်ဖို့အတွက် စစ်တပ်ကို အဓိက တွန်းအားပေးခဲ့တာ ဦးထွန်းဆန်းပါ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က ရှင်းလင်းခဲ့တာပါ"ဟုKyonpyaw Special Task Force မှ တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က လှေဆွဲကျေးရွာနေ ဒေသခံများကို စစ်ကောင်စီ ‌ခြေလျင်တပ်ရင်း(၃၆)တပ်နှင့် ရဲများက အကြမ်းဖက်ပစ်ခဲ့ရာ  ပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်ဟုသိရသည်။ဦးထွန်းဆန်းမှာ ထိုအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူဖြစ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု 
ဟုKyonpyaw Special Task Force က သတင်း ထုတ်ပြန်သည်။ 

ဦးထွန်းဆန်းသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရပြီး ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများလာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောသည်။ 

ထို့အပြင် ဦးထွန်းဆန်းသည် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို မဟုတ်မမှန်သတင်းပေးတိုင်ကြားမှုကြောင့် လှေဆွဲကျေးရွာ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ခဲ့ရုံ သာမက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးအနေဖြင့် ရပ်ရွာပြည်သူများကို ဆက်လက်ဒုက္ခပေးနေသောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း Kyonpyaw Special Task Force က  သတင်းထုတ်ပြန်ထားသည်။ 

Kyonpyaw Special Task Force သည် 
ကျုံပျော်မြို့ပြပျောက်ကျား အဖွဲ့အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေသော ဧရာဝတီတိုင်းခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required