စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် အလှည့်ကျမီးပေးစနစ် ကျင့်သုံးမည် 

By 001 မဇ္စျိမ
23 March 2023
စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် အလှည့်ကျမီးပေးစနစ် ကျင့်သုံးမည် 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျှော့နည်းနေသဖြင့် နေပြည်တော်တွင် အလှည့်ကျမီးပေးစနစ်ကို မတ်လ ၂၂ ရက်နေ့မှ စတင်ကာ ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပျဉ်းမနားမြို့နယ်လျှပ်စစ်ရုံးက ထုတ်ပြန်ထားသည်။ 

ဓာတ်အားပြတ်​တောက်မည့် ရပ်ကွက်၊ ကျေးရွာများကို Group (A ၊ B ၊ C ၊ D) ဟူ၍ လေးမျိုးခွဲ သတ်မှတ်ထားပြီး ဓာတ်အားပြတ်ဧရိယာတစ်နေရာတွင် ရှစ်နာရီခန့် ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဆိုထားသည်။ 

အဆိုပါ ထုတ်ပြန်ချက်အရ ပျဥ်းမနားမြို့နယ်အပြင် ဇမ္ဗူသီရိမြို့နယ်မှ ရွာ​လေးရွာနှင့် ပုဗ္ဗသီရိမြို့နယ်မှ ရပ်ကွက်များလည်း ပါဝင်​ကြောင်း သိရသည်။ 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြို့​ပေါ်ရပ်ကွက်များတွင်မူ တစ်ခါတစ်ရံ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားတတ်သော်လည်း ယနေ့ မတ်လ ၂၃ ရက်နေ့အထိ အလှည့်ကျစနစ်မရှိသေးကြောင်း မြို့ခံများက​ပြောသည်။ 

“ဒီမှာတော့ အလှည့်ကျစနစ် ကြားတာတော့ မကြားသေးဘူး။ ဝန်ထမ်းအိမ်ရာတွေတော့ မီးမပျက်ဘူး ။ မှန်ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ်မှ စစ်ကောင်စီ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ပျဥ်းမနားမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းအား နံနက် ၅နာရီဝန်းကျင်မှ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လေးမဂ္ဂါဝပ်နှင့် မွန်းတည့် ၁၂ နာရီဝန်းကျင်မှ ည ၈ နာရီဝန်းကျင်အထိ ငါးမဂ္ဂါဝပ် လျှော့ချသုံးစွဲနေရကြောင်း ပျဉ်းမနားမြို့နယ်လျှပ်စစ်ရုံးက ထုတ်ပြန်ထားသည်။ 

“မနက်ခင်းဆို ၄ နာရီဆို ပျက်ပြီ။ အဲ့ဒီလိုဖြစ်နေတာတော့ကြာပြီ။ ထုတ်ပြန်တာက အခုမှထုတ်ပြန်တာ။ ပျက်နေတာတော့ကြာပြီ ကျွန်တော်တို့ဆို မနက်ခင်းအစောကြီးထပြီး ထမင်းချက်ရတာတို့ဘာတို့ လုပ်နေရတယ်”ဟု ပျဉ်းမနားမြို့ခံတစ်ဦးကပြောသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့ဘဲ ရန်ကုန်အပါအဝင်မြို့များ၌ အချိန်ပိုင်းဖြင့် အလှည့်ကျမီးပေးစနစ်ကိုသာ ကျင့်သုံးနေရခြင်းဖြစ်သည်။ 

လက်ရှိ အချိန်ပိုင်း မီးပေးသည့်စနစ်တွင် နေပြည်တော်လည်း ပါဝင်လာခြင်းဖြစ်ပြီး မတ်လ ၂၂ ရက်နေ့မှ လကုန်အထိ တစ်နေ့လျှင် အုပ်စု နှစ်ခု အလှည့်ကျမီးပြတ်တောက်မည်ဖြစ်ကြောင်း ပျဉ်းမနားလျှပ်စစ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required