နေပြည်တော်သင်္ကြန်အတွက်ဟုဆိုကာ စစ်ကောင်စီက လုပ်ငန်းရှင်များထံ ပိုက်ဆံကောက် 

By 001 မဇ္စျိမ
22 March 2023
နေပြည်တော်သင်္ကြန်အတွက်ဟုဆိုကာ စစ်ကောင်စီက လုပ်ငန်းရှင်များထံ ပိုက်ဆံကောက် 

နေပြည်တော်သင်္ကြန်အတွက်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လုပ်ငန်းရှင်များထံမှ ပိုက်ဆံကောက်ခံမှုများပြုလုပ်နေကြောင်း ဉတ္တရသီရိမြို့နယ်ရှိ လုပ်ငန်းရှင်တစ်ဦးကပြောသည်။ 

“ ရပ်ကွက်ရုံးကနေပြီးတော့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ပြောတာပဲ။ အဲ့ဒါ အလှူငွေတွေတော့ ကောက်ခံနေတာပဲ။ ရုံးကိုခေါ်ပြီးတော့ စာနဲ့တကွ ကောက်တာ။ အနည်းဆုံးကတော့ ငါးသောင်းထည့်ရမယ်ပြောတယ်။ နည်းရင်တော့ပြောတယ် သူတို့က ”ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။ 

စစ်ကောင်စီကလုပ်ငန်းရှင်များထံမှ ပိုက်ဆံကောက်နေပြီး သာမန်ရပ်ကွက်နေပြည်သူများကိုမူ သင်္ကြန်တွင်ယိမ်းကရန် ဝတ်စုံအလကားပေးမည်ဟု စည်းရုံးကာ လိုက်လံခေါ်ယူနေကြောင်း ၎င်းကဆက်ပြောသည်။ 

စစ်ကောင်စီက နေပြည်တော်အတွင်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန် စီစဉ်ထားပြီး နေပြည်တော်မြို့တော်ခန်းမအရှေ့တွင်လည်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေပြီဖြစ်သည်။ အဆိုပါ မဏ္ဍပ်တည်ရှိရာလမ်းများတွင် ဂိတ်ကင်းတဲအသစ်များဆောက်လုပ်ကာ လုံခြုံရေး ယူထားသည်။ 

နေပြည်တော်အတွင်း သင်္ကြန်ပွဲ‌တော်ကို စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် စစ်ကောင်စီလက်အောက်ခံ နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်က မတ်လ ဒုတိယအပတ်အတွင်းပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် မှာကြားခဲ့သည်။ 

“မနှစ်ကတော့ မြို့တော်ခန်းမမှာ မဏ္ဍပ်ထိုးတယ်။ လည်တဲ့သူက အဲ့ဒီလောက်ကြီးလည်း မရှိပါဘူး။ ဒီနှစ်တော့ ဝန်ကြီးဌာနတွေ တော်ရုံတန်ရုံ မပြန်ခိုင်းဘူးကြားတယ်။ ပြန်မယ့်လူတွေလည်း အကြောင်းနဲ့အရာနဲ့ စာတင်ရတယ်တဲ့။ စည်အောင်လို့တဲ့။ ယိမ်းအဖွဲ့တွေလည်း အဲ့လိုပဲ။ ဆုအများကြီးချမယ်တွေရော၊ဘာတွေရောကြားတယ်”ဟု နေပြည်တော်ရှိ ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

နေပြည်တော်တွင် စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်မဏ္ဍပ်များ၌ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆင်နွှဲခြင်းမပြုဘဲ သင်္ကြန်ကိုအခြားနည်းလမ်းများဖြင့်သာဆင်နွှဲကြရန် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်) က သတိပေးသည်။ 

“သူတို့ရဲ့ မဏ္ဍပ်တွေမှာ ပူးပေါင်းပါဝင်ပျော်ပါးခြင်းမပြုဖို့ အဓိကသတိပေးချင်တာဖြစ်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေကိုထိခိုက်အောင် ဆောင်ရွက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီဟာ သတိပေးတာက နိုင်ငံရေးနည်းအရ သတိပေးတာဖြစ်ပါတယ်” ဟု စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ထရယ်ဂွန်က မဇ္ဈိမကို ပြောသည်။ 

သို့သော် နေပြည်တော်အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို အမြဲစောင့်ကြည့် တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်ကောင်စီ၏ ဂိတ်စခန်းများအနီးတဝိုက်တွင် မနေကြရန် ၎င်းက သတိပေးသည်။ 

“သင်္ကြန်မှာ ဝင်ရောက်ပူးပေါင်းမယ်ဆိုရင် သူတို့နဲ့ အနီးဆုံးကိုရောက်သွားမှာဖြစ်တယ်။ အနီးဆုံးကို သွားပြီးတော့မှ ပျော်ပါးကြမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ကို တိုက်ခိုက်လာတဲ့အခါမှာ အပြစ်မဲ့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး အပြစ်မဲ့ ပြည်သူလူထုကို မထိခိုက်အောင်ဆောင်ရွက်နေတယ်။ လာမယ့်သင်္ကြန်မှာလည်း ဒါကြောင့်မလို့ သတိပေးခြင်းဖြစ်တယ်"ဟု ဗိုလ်ထရယ်ဂွန်ကပြောသည်။ 

စစ်အာဏာရှင်တော်လှန်ရေးတွင် ဖမ်းဆီးသတ်ဖြတ်ခံနေရသော  ပြည်သူများကို အမှတ်ရကာ စစ်ကောင်စီမှကျင်းပမည့် သင်္ကြန်တွင် မပါဝင်စေချင်ကြောင်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူတစ်ဦးက မေတ္တာရပ်ခံသည်။ 

စာတည်း ။ ။ Alden 

စာမူတည်းဖြတ် ။  ။မောင်ကြီး 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly