လုံခြုံရေးစိုးရိမ်မှုများကြောင့် နယူးဇီလန်လွှတ်တော်အမတ်များ၏ ဖုန်းများတွင် TikTok အသုံးပြုခွင့် ပိတ်ပင်

By ANI 
22 March 2023
လုံခြုံရေးစိုးရိမ်မှုများကြောင့် နယူးဇီလန်လွှတ်တော်အမတ်များ၏ ဖုန်းများတွင် TikTok အသုံးပြုခွင့် ပိတ်ပင်

လုံခြုံရေးစိုးရိမ်မှုများကြောင့် ဗီဒီယိုမျှဝေသည့် လူမှုကွန်ရက်ဝန်ဆောင်မှုဖြစ်သော Tik Tok အက်ပလီကေးရှင်းကို နယူးဇီလန်လွှတ်တော်အမတ်များ၏ ဖုန်းများတွင် အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း အောက်ကလန်အခြေစိုက် New Zealand Herald နေ့စဉ်သတင်းစာတွင် မတ်လ ၁၇ ရက်က ဖော်ပြထားသည်။

ဗြိတိန်သည် အစိုးရဖုန်းများတွင် တရုတ်ပိုင် အဆိုပါ ဗီဒီယိုအက်ပ်ကို မကြာသေးမီက ပိတ်ပင်လိုက်ပြီးနောက် လွှတ်တော် ဝန်ဆောင်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရာဖာရယ် ဂွန်ဇာလက်-မွန်တီရိုက အက်ပ်ကိုမသုံးရန် နယူးဇီလန်ပါလီမန်အမတ်များကို အသိပေးခဲ့ခြင်း ဖြစ်သည်။ 

ပေကျင်းအခြေစိုက် ByteDance ကော်ပိုရေးရှင်းက ထိန်းချုပ်ထားသည့် TikTok ထံမှ အသုံးပြုသူများ၏ ဒေတာအချက်အလက်များကို တရုတ်အစိုးရက ရယူပြီး  အနောက်တိုင်း လုံခြုံရေးအကျိုးစီးပွားများအား အန္တရာယ်ပေးမည်ကို စိုးရိမ်သောကြောင့် အဆိုပါ အက်ပ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူများထံမှ အကြံဉာဏ်များကို အခြေခံ၍ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂွန်ဇာလက်-မွန်တီရိုက နယူးဇီလန်အခြေစိုက် NZME မီဒီယာနှင့် ဖျော်ဖြေရေး ကုမ္ပဏီသို့ အတည်ပြု ပြောကြားခဲ့သည်။

TikTok ကို ဝက်ဘ်ဘရောက်ဆာမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ဆဲဖြစ်သော်လည်း လွှတ်တော်အက်ပလီကေးရှင်းများပါရှိသည့် ကိုယ်ပိုင်ဖုန်းများမှ ၎င်းကို ဖြုတ်ထားရမည်ဖြစ်ကြောင်း New Zealand Herald တွင် ဖော်ပြခဲ့သည်။
အဆိုပါအက်ပ်သည် အမေရိကန်၏ လုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်း Tik Tok နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို အမေရိကန် အိမ်ဖြူတော်က မတ်လ ၁၆ ရက်တွင် တုံ့ပြန်ဖြေကြားခဲ့သည်။ 

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အန္တရာယ်ဖြစ်စေသော လုံခြုံရေးခြိမ်းခြောက်မှုများ ပေါ်ပေါက်လာမှုကို ကန့်သတ်ခြင်း (RESTRICT) အက်ဥပဒေအား အထက်လွှတ်တော်အမတ်များက ပြဋ္ဌာန်းခဲ့ပြီးနောက် အိမ်ဖြူတော်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

ယင်းအက်ဥပဒေအရ နိုင်ငံကို အန္တရာယ်ဖြစ်စေသော နည်းပညာများကို အရေးယူရန် အမေရိကန်အစိုးရအား အခွင့်အာဏာအသစ်များ အပ်နှင်းသွားမည် ဖြစ်သည်။ 
TikTok သည် ကုန်သွယ်ရေးနှင့် နည်းပညာကဲ့သို့သော ကိစ္စရပ်များတွင် ပထဝီဝင်နိုင်ငံရေးထက် ပိုမိုကျယ်ပြန့်သော အမေရိကန်-တရုတ် ပဋိပက္ခတွင် နောက်ဆုံးပေါ် ပြဿနာဖြစ်လာကြောင်း Wall Street (WSJ) ဂျာနယ်တွင် ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags