ဆန်ကာကူကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘောများ ဝင်ရောက်ခဲ့

By ANI 
22 March 2023
ဆန်ကာကူကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘောများ ဝင်ရောက်ခဲ့

တရုတ် ရေယာဉ် ၂ စင်းသည် အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်ငါးဖမ်းလှေ ၂ စင်းကို နောက်ယောင်ခံလိုက်ရင်း ဆန်ကာကူကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ မတ်လ ၁၇ ရက်က ဝင်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံရှိ NHK World သတင်းတွင် ဖော်ပြထားသည်။

တရုတ်သင်္ဘော၂ စင်းသည် တိုင်ရှိုကျွန်း ကမ်းလွန်ရေပိုင်နက်အတွင်းသို့ မတ်လ ၁၇ ရက်က ဒေသစံတော်ချိန် နံနက် ၄ နာရီ ၂၀ မိနစ်မှ ၄ နာရီ ၅၀ မိနစ်ကြား ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ သင်္ဘောများသည် အခြားတရုတ်သင်္ဘော၂ စင်းနှင့်အတူ ယခင်က ဂျပန်ရေပိုင်နက်အပြင်ဘက်မှ ကပ်၍ ခုတ်မောင်းနေခဲ့ပြီး မတ်လ ၁၆ ရက်က ဂျပန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း NHK World သတင်းတွင် ဖော်ပြထားသည်။  
ဂျပန်ငါးဖမ်းသင်္ဘောများကို နောက်ယောက်ခံလိုက်နေပုံရသည့် တရုတ်သင်္ဘောများသည် မတ်လ ၁၆ ရက်က အုအိုဆုရီကျွန်းစုအနီး ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ 

သင်္ဘောများသည် ဂျပန်ရေပိုင်နက်အတွင်း ၁၇ နာရီနီးပါးကြာအောင် ခုတ်မောင်းနေခဲ့သည်။ ငါးဖမ်းသင်္ဘောများကို ကာကွယ်ရန်နှင့် တရုတ်သင်္ဘောများအား ဂျပန်ရေပိုင်နက်အတွင်းမှ ချက်ချင်းထွက်ခွာသွားရေး သတိပေးရန် ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်ရေယာဉ်များ စေလွှတ်ခဲ့သည်။

ဆန်ကာကူကျွန်းစုများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်း တရုတ်အစိုးရသင်္ဘောများကို မတ်လ ၁၇ ရက်က တွေ့ရှိမှုသည် ယခုနှစ်တွင် ၉ ကြိမ်မြောက်ဖြစ်ကြောင်း NHK World သတင်းတွင် ဖော်ပြထားသည်။ ဂျပန်က ကျွန်းများကို ထိန်းချုပ်ထားသော်လည်း တရုတ်က ၎င်းတို့ကိုပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

သမိုင်းကြောင်းနှင့် နိုင်ငံတကာဥပဒေများအရ အဆိုပါ ကျွန်းများသည် ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေနှင့် ခွဲခြားမရအောင် ဆပ်စပ်နေကြောင်း ဂျပန်အစိုးရက ပြောဆိုထားသည်။
တရုတ်နိုင်ငံက သရောက်ယွီဟုခေါ်သည့် ဆန်ကာကူကျွန်းများအနီးရှိ ရေပြင်တွင် တရုတ်သင်္ဘောများ ဝင်ရောက်မှု တိုးလာချိန်တွင် ဂျပန်က ရေပိုင်နက်အတွင်း ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၏ ဂျပန်အစိုးရသည် ပိုင်နက်ရေပြင်တွင် သင်္ဘောနှင့် လေယာဉ်ဖြင့် ကင်းလှည့်ခြင်း အပါအဝင် နိုင်ငံ၏ ကမ်းရိုးတန်းစောင့် စွမ်းရည်ကို မြှင့်တင်ရန် မူဝါဒ ချမှတ်ထားပြီးဖြစ်ကြောင်း NHK World သတင်းတွင် ဖော်ပြခဲ့သည်။ အိုကီနာဝါစီရင်စုရှိ ဆန်ကာကူကျွန်းစုများအနီးတွင် တရုတ်ရေကြောင်းသွားလာလှုပ်ရှားမှုများ မြင့်တက်လာပြီးနောက် ယခုကဲ့သို့ မူဝါဒ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly