တရုတ်သမ္မတ၏ အသစ်ဖွဲ့စည်းထားသော ပြည်သူ့ကွန်ဂရက်က နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးတို့ကို တိုက်ရိုက်ထိန်းချုပ်ခွင့် ရနေ

By ANI 
22 March 2023
တရုတ်သမ္မတ၏ အသစ်ဖွဲ့စည်းထားသော ပြည်သူ့ကွန်ဂရက်က နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးတို့ကို တိုက်ရိုက်ထိန်းချုပ်ခွင့် ရနေ

သမ္မတရှီကျင့်ဖျင်သည် တရုတ်ပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်လည်အစည်းအဝေးတွင် အစိုးရအဖွဲ့ကို ကြီးကြီးမားမား အပြောင်းလဲ ပြုလုပ်ခဲ့ကာ ပါတီထိပ်တန်းခေါင်းဆောင်များအား ဘဏ္ဍာရေးမူဝါဒနှင့် ဘဏ်စည်းမျဉ်းများအပေါ် တိုက်ရိုက်ထိန်းချုပ်ခွင့် ပိုမိုရစေခဲ့သည်။

တရုတ်နိုင်ငံတွင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတိုင်းသည် ရှီကျင့်ဖျင် အတွက်သာဖြစ်ကြောင်း အများပြည်သူသိထားပြီးသားကိစ္စကို အတည်ပြုခြင်းပင်ဖြစ်သည်ဟု ဩစတြေးလျ စာစောင်ဖြစ်သည့် The Age တွင် ဒိုင်ဆုကဲ ဝါကာဘာယာရှီနှင့် ကလဲရ်ဖူးတို့က ရေးသားခဲ့သည်။  

ထို့ပြင် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၂၉၅၂ ဦးသည် ရှီကို သမ္မတအဖြစ် မကြုံစဖူး တတိယသက်တမ်းအတွက် ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုပေးခဲ့ကြသည်။ 

"လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ရှီကျင့်ဖျင် ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း အံကိုက်ဖြစ်လာတာပါ၊ ပြဿနာတစ်ခု ကြုံလာတိုင်း ပါတီကို ဗဟိုချုပ်ကိုင်မှု ပိုမိုရရှိအောင် ဆောင်ရွက်ပြီး ဖြေရှင်းခဲ့ပါတယ်” ဟု ဘာလင်မြို့ရှိ Mercator Institute for China Studies မှ စီးပွားရေးပညာရှင် မက်ဇ်ကျန်းလျံက ပြောကြားခဲ့သည်။

တရုတ်သည် ယခင်ကထက် စီးပွားရေး နှေးကွေးနေပြီး အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရကာ ဒေသန္တရအစိုးရများသည် အကြွေးနွံနစ်လျက်ရှိကြောင်း The Age တွင် ဖော်ပြခဲ့သည်။ 

ယခင်တရုတ်ခေါင်းဆောင်များသည် ပါတီနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပိုင်းခြားဆောင်ရွက်ထားရန် ကြိုးပမ်းခဲ့သော်လည်း ရှီကျင့်ဖျင်က အဆိုပါ အတားဆီးများကို ပယ်ဖျက်ကာ ပါတီလမ်းစဉ်ကို တိုးတက်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတိအလင်း ချပြလိုက်ခြင်းဖြစ်ကြောင်း ဆောင်းပါးရှင်များက ရေးသားထား သည်။ 

ဘဏ္ဍာရေး စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ ဗျူရိုကရေစီယန္တရားအပြောင်းအလဲများ၏ ရှေ့ပြေးဟု ယူဆရသည့် လုပ်ဆောင်ချက်အဖြစ် တရုတ် ထိပ်တန်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဘဏ်လုပ်ငန်းရှင်များအား အတိအလင်း သတိပေးချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။  ဘဏ္ဍာရေးလုပ်ငန်းနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ပါတီ၏ ခေါင်းဆောင်မှုကို မသိကျိုးကျွံပြုထားသည့် သူများကို သေချာ စုံစမ်းစစ်ဆေး ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

တရုတ်လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းစေရန် ရှီကျင့်ဖျင်၏ အဓိက ဆောင်ပုဒ်များထဲမှ တစ်ခုဖြစ်သော ‘ဘုံသာယာဝပြောရေး’ ဟူသော စကားကို သုံး၍ ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ပါတီ၏တန်ဖိုးများကို လက်သင့်ခံကာ လူကုံထံ အထက်တန်းလွှာ အယူအဆများကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly