တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း အာဖဂန်သတင်းထောက် ၅၀ ရာခိုင်နှုန်းကျော် အလုပ်လက်မဲ့ဖြစ်

By ANI
22 March 2023
တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း အာဖဂန်သတင်းထောက် ၅၀ ရာခိုင်နှုန်းကျော် အလုပ်လက်မဲ့ဖြစ်

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း ဂျာနယ်လစ် ၅၀ ရာခိုင်နှုန်းကျော်   အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး မီဒီယာများ၏ ထက်ဝက်ကျော်သည် အကြောင်းအမျိုးမျိုးကြောင့် အထူးသဖြင့် ငွေကြေးပြဿနာများကြောင့် ပိတ်ခဲ့ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံလုံးဆိုင်ရာ သတင်းထောက်များသမဂ္ဂ (ANJU) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ TOLOnews က ဖော်ပြသည်။

“မီဒီယာဝန်ထမ်းအများစုက အာဖဂန်နစ္စတန်က   ထွက်ခွာသွားကြပါပြီ။ မီဒီယာအသိုင်းအဝိုင်းမှာ ပြဿနာများစွာနဲ့ ရင်ဆိုင်နေရတယ်။ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး သတင်းမီဒီယာတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ချမှတ်ထားပါတယ်။ မီဒီယာအသိုင်းအဝိုင်းရဲ့ အကာအကွယ်ပေးရေး ဥပဒေတွေကို ဆိုင်းငံ့ထားတာမျိုး၊ ရပ်ဆိုင်းထားတာမျိုးတွေ လုပ်ဆောင်နေတာကလည်း ကြီးမားတဲ့စိန်ခေါ်မှုပါပဲ” ဟု (ANJU) အဖွဲ့ဝင် မက်စ်ရိုး လက်ဖီက ပြောကြားခဲ့သည်။

သတင်းထောက်များက သတင်းရယူမှု နယ်ပယ်တွင် ၎င်းတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းပေးရန် တာလီဘန် အကြီးအကဲများအား တောင်းဆိုခဲ့သည်။

သို့သော် တာလီဘန်က သတင်းထောက်များ၏ အခွင့်အရေးများကို မြှင့်တင်ရန် ကတိပြုထားကြောင်းနှင့် ၎င်းတို့အတွက် ရရှိနိုင်သော  ပံ့ပိုးမှုများကို ပိုမိုတိုးမြှင့်ပေးရန် ကြိုးပမ်းနေသည်ဟု တာလီဘန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်၌ ၂၀၂၂ ခုနှစ်အတွင်း သတင်းသမားများကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ နှောင့်ယှက်ခြင်း၊ သတိပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ အပါအဝင် ချိုးဖောက်မှုပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်ထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်တွင် မီဒီယာလွတ်လပ်ခွင့်သည် ပိုမိုဆိုးဝါးလာပြီး နိုင်ငံတစ်ဝန်းရှိ တာလီဘန်အာဏာပိုင်များ မနှစ်သက်သည့် ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ရေးသားဖော်ပြခြင်းအတွက် သတင်းထောက်အများအပြားမှာ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများ ကြုံရကြောင်း Khaama Press က ဖော်ပြသည်။

ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများနှင့် သတင်းအေဂျင်စီအများအပြားသည် လုပ်ငန်းများရပ်ဆိုင်းထားပြီး ခန့်မှန်းချက်များအရ ဂျာနယ်လစ် ၆ ၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
ယင်းအခြေအနေတွင် အာဖဂန်အမျိုးသမီးသတင်းထောက်များသည် ဖိအားနှစ်ဆ ပိုမိုခံစားကြရသည်။

အမျိုးသမီးများအား အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အကူအညီပေးရေးအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ခွင့်တားမြစ်ခြင်း၊ လူမြင်ကွင်းတွင် သွားလာနေထိုင်ခွင့်မပြုခြင်းနှင့် တက္ကသိုလ်တက်ခွင့် ပိတ်ပင်မှုတို့ကလည်း အမျိုးသမီး သတင်းထောက်များအပေါ် ထိခိုက်စေခဲ့ကြောင်း Khaama Press က ဆိုသည်။

သတင်းသမားများက သတင်းအချက်အလက်ရယူနိုင်ရေးအတွက် လိုက်လျောပေးရန် အာဏာပိုင်များကို တိုက်တွန်းခဲ့ကြသည်။ တချို့သောအစိုးရဌာနများသည် ကိစ္စအချို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မီဒီယာအား အသိမပေးသဖြင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိကြကြောင်း သတင်းထောက်များက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required