ဒီးမော့ဆိုတိုက်ပွဲအတွင်း  စစ်တပ်ဘက်မှ ၃ ပွင့်အဆင့်ရှိဗိုလ်ကြီး သေဆုံး 

By ဇာနည် မဇ္ဈိမ
22 March 2023
ဒီးမော့ဆိုတိုက်ပွဲအတွင်း  စစ်တပ်ဘက်မှ ၃ ပွင့်အဆင့်ရှိဗိုလ်ကြီး သေဆုံး 

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း KNDF B-09 မှ မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

မတ်လ ၂၁ ရက်နေ့တွင် ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါစဲကျေးရွာအနီးတစ်ဝိုက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲ၍ ခန့်မှန်းအင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။ 

ထို့ကြောင့် ကရင်နီတပ်မတော် (KA) ၊ KNDF  ပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်စဉ် စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးခဲ့သူများအနက် အချို့သောရုပ်အလောင်းများကို ဖြစ်သလို စွန့်ပစ်၊ ဖုံးအုပ် မြေမြှုပ်ထားခဲ့ကြောင်းနှင့် အသေးစိတ်ကို ထပ်မံဖော်ပြပေးမည်ဟု KNDF B-09 မှ ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ မတ်လ ၆ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဟု သိရသည်။ 

ထို့ကြောင့် လဝက်နီးပါး ကြာလာသည်အထိ ရှေ့တန်းတွင်မဆုတ်မနစ်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်များအတွက် လိုအပ်သောလက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ထပ်ဖြည့်နိုင်ရန် အတွက် ပြည်သူများမှဝိုင်းဝန်းကူညီပေးကြရန် KNDF B-09 မှ မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly