ဘီးလင်းနှင့်ကျိုက်ထိုတွင် စစ်ကောင်စီတပ်စခန်းအချို့ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်

By YT မဇ္ဈိမ
22 March 2023
ဘီးလင်းနှင့်ကျိုက်ထိုတွင် စစ်ကောင်စီတပ်စခန်းအချို့ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မဲလံစစ်ကောင်စီဂိတ်စခန်းနှင့် ကျိုက်ထိုမြို့နယ်ရှိ တပ်မ(၄၄) ဌာနချုပ်တို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ အဆက် မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ် မဲလံကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား KNLA နှင့်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ လက်နက်ကြီး ငါးချက်၊ အီနာဂါတစ်ချက် စုစု ပေါင်း ခြောက်ချက်ပစ်ခတ်ခဲ့ပြီး အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်း၊ စစ်ကောင်စီတပ်မှ ည ၉ နာရီ ၃၀ မိနစ်အထိ ၁၂၀ မမ လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ ထံမှ သိရသည်။

“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ၄၀ မမ ငါးလုံး၊ အီနာဂါတစ်လုံး ပစ်ခဲ့ပါတယ်။ ပစ်ပြီးတာနဲ့ ပြန် ဆုတ်လာတာပါ။ အထိအခိုက်အကျအဆုံးတော့ စုံစမ်းနေဆဲပါ။ စစ်ကောင်စီတပ်ကတော့ ည ၉ နာရီခွဲ အထိ ပြန်ပစ်တာတွေရှိတယ်" ဟု ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သော ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ထို့ပြင် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ (၄၄)ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်တို့အား KNLA ၊ PDF ၊ KRF ပါဝင်သောပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များကို ညအချိန်ထိပြုလုပ်ခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီမှညသန်းခေါင်ယံအချိန်ထိ သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀)၊ ကင်မွန်းစခန်း ရဲကင်းဂိတ်နှင့် တပ်မ(၄၄)အတွင်းရှိ စစ်ကောင်စီတပ်သားများက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။ 

ထိုသို့ပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာအတွင်းသို့ အများဆုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အနီးအနားရှိ ကျေးရွာများအတွင်းသို့လည်း ကျရောက်မှုရှိကြောင်း ဒေသခံတစ်ဦး ထံမှ သိရသည်။

“ဘယ်နေရာကို ကျတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ငှက်ပျောတောရွာထဲကျတာတော့ သိရတယ်။ နွားတစ်ကောင်တော့ သေသွားတာရှိတယ်။ တခြား ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူး။ အခုတော့ ရွာတွေထဲမှာ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတော့တယ်၊ အကုန်ရှောင်နေကြပြီ” ဟု ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ညကအသံက နည်းနည်းနောနောအကျယ် မဟုတ်ဘူး။ တော်တော်ကျယ်တယ်။ ငှက်ပျောတောဘက်ကို တော်တော်များများ ကျတယ်” ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးကလည်းပြောသည်။
|
တပ်မ(၄၄)လက်အောက်ခံ ခမရ (၂၀၇) ၊ ခလရ (၂) ၊ ခမရ (၂) ၊ အမတ (၆၀၂) နှင့် အမတ (၃၁၀) တို့မှ  KNU နယ်မြေ၊ ကျိုက်ထိုမြို့နယ်ရှိ ဇီးပြောင်း၊ ဝင်းကံ၊ ပျဥ်းကတိုးကုန်း၊ ကျောက်ဖျာ၊ အလူး၊ ငှက်ပျော တောနှင့် ဝင်းကလောကျေးနယ်များအတွင်း လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိ၍ ထိခိုက်သေ ဆုံးမှုများရှိခဲ့ပြီး ဒေသခံများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ၊ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း KNU ဗဟို၏ ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စော‌ဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly