မန္တလေးမြို့တွင် ရာအိမ်မှူးနှစ်ဦး သေနတ်ပစ်ခံရပြီး တဦးသေ၊ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်မှု အရှိန်မြင့်လာ 

By 007 မဇ္စျိမ
22 March 2023
မန္တလေးမြို့တွင် ရာအိမ်မှူးနှစ်ဦး သေနတ်ပစ်ခံရပြီး တဦးသေ၊ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်မှု အရှိန်မြင့်လာ 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်ရာအိမ်မှူးနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။ 

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်အမှတ်(၁၉)ရာအိမ်မှူးစိုးနိုင်နှင့် ၁၉(က)ရာအိမ်မှူးဝင်းကိုတို့ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

" သူတို့နှစ်ယောက် ဆိုင်ထဲအတူထိုင်နေတုန်း လူသုံးယောက်က ဝင်ပစ်သွားတာပါ။ လူနည်းနည်းရှင်းချိန် ဆိုင်ထဲအထိ ဝင်ပစ်သွားတာ။ရာအိမ်မှူးဝင်းကိုကနေရာမှာတင်သေတယ်။ နောက်တယောက်လည်း ဒဏ်ရာပြင်းတယ်" ဟုအခင်းဖြစ်စဉ်အား သိရှိသူ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

အထက်ပါဖြစ်စဉ်သည် ယနေ့မတ်လ ၂၂ ရက်နံနက် ၈ နာရီခွဲခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၇ လမ်းနှင့် ၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဟု မန္တလေးတိုင်း တိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။ 

နှစ်ဦးစလုံးသည် ယခင်အစိုးရလက်ထက်ကလည်း ရာအိမ်မှူးများဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီ သတင်းပေးအဖြစ်နာမည်ထွက်နေသူများဟု ဒေသခံအချို့ကပြောသည်။ထိုအချက်နှင့်ပတ်သက်၍  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

၎င်းတို့အား မည်သည့်အဖွဲ့အစည်းကပစ်ခတ်သွားသည်ကို မသိရသေးပေ။ပစ်ခတ်မှုနှင့်ပတ်သက်၍  မည်သည့်အဖွဲ့အစည်းကမှ ယနေ့ နေ့လည်အထိ သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

မန္တလေးမြို့တွင် ယမန်နေ့ မတ်လ ၂၀ရက်နံနက်ပိုင်းက တိုင်းဒေသကြီးပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒုဦးစီးမှူးအပါအ၀င် ၀န်ထမ်းလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ထိုနေ့ ညဘက်တွင် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။ မတ်လ ၁၄ ရက်နေ့ကလည်း အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ ထောက်လှမ်းရေးတပ် အ၀င်ပေါက်ဂိတ်စခန်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုကို အောင်စည်တော် စစ်ဆင်ရေး-မန္တလေး(AST-MDY)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly