မြန်မာအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ အမေရိကန် ကြေညာမည် 

မြန်မာအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ အမေရိကန် ကြေညာမည် 

မြန်မာနိုင်ငံအတွင်းက အစုအဖွဲ့များအား နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများကို လာမည့်ရက်များအတွင်း အမေရိကန်က ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ယခု ဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာအာဏာသိမ်း စစ်ကောင်စီအား လက်နက်များ ဝယ်ယူရေး ဘဏ္ဍာငွေရရှိမှုကို ပို၍ အခက်တွေ့စေမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရတ် ချိုလက်က ဂျကာတာတွင် သတင်းထောက်များအား ပြောခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ဖိအားတွေ ပေးနေပြီး သူတို့ရဲ့ စစ်ယန္တရားကို ဖြည့်တင်းနေတဲ့ ဘဏ္ဍာငွေ ရရှိမှုကို ခက်ခဲစေမှာ ဖြစ်ပါတယ်”ဟု ချိုလက်က ပြောပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အချက်အချာ၌ ကျဆင်းနိုင်ငံတော် ဖြစ်လာသည့် လမ်းကြောင်းပေါ် ရှိနေသည်ဟု ဖြည့်စွက်ဆိုသည်။ 

မြန်မာစစ်တပ်သည် ၂၀၂၁ က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းချိန်မှစကာ သဘောထားကွဲလွဲသူများကို သေသေကျေကျေ ဖြိုခွင်းနေပြီး နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေ ဆိုက်လျက်ရှိသည်။ 

စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်အစိုးရဌာနများနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထားပြီး အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး စစ်ကောင်စီ ငွေကြေးရရှိမှုကို ဖြတ်တောက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ 

လက်ရှိအထိ အမေရိကန်သည် မြန်မာနိုင်ငံအတွင်း တစ်သီးပုဂ္ဂလ ၈၀ နှင့် အစုအဖွဲ့ ၃၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။ 

မြန်မာပဋိပက္ခကို ဖြေရှင်းရန်အတွက် ရုရှအနေဖြင့် စစ်ကောင်စီကို စစ်လက််နက်ထောက်ပံ့နေခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း ချိုလက်က ပြောသည်။ 

“မြန်မာ့အရေး ဖြေရှင်းရေး နည်းလမ်းတစ်ခုဟာ စစ်ကောင်စီက လက်နက်မတင်သွင်းနိုင်တော့ဘူးဆို ဖြစ်လာမှာပါ၊ ရုရှက မြန်မာဆီ လက်နက်ပံ့ပိုးနေတာ ရပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

ထိုပြင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကိုလည်း အစည်းအဝေးအားလုံးကနေ မြန်မာစစ်အုပ်ချုပ်သူများမှ နိုင်ငံရေး ကိုယ်စားပြုသူများကို ဖယ်ရှားရန်လည်း ၎င်းက တိုက်တွန်းသည်။ 

“စစ်ကောင်စီအနေနဲ့ ကိုယ့်ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတာကြောင့် အကျိုးဆက်တွေ ခံစားရမှာ ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝန်းကနေ ပိုပြီး အထီးကျန်လိမ့်မယ်ဆိုတာ နားလည်ဖို့ လိုတယ်”ဟု ၎င်းက ပြောသည်။ 

အာဆီယံသည် လက်ရှိ၌ အဆင့်မြင့် အစည်းအဝေးများတွင်  စစ်ကောင်စီခေါင်းဆောင်များကို တားမြစ်ထားသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရေးနှင့် အဖွဲ့ဝင် ဆယ်နိုင်ငံပါ အာဆီယံမှ မြန်မာကို ထုတ်ပယ်ရေးတို့ကို ကန့်ကွက်လျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required