စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရွှေကျင်နှင့် ကျောက်ကြီးတွင် ထွက်ပြေးတိမ်းရှောင်နေရသူ များပြားလာ 

By YT (မဇ္ဈိမ)
22 March 2023
စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ရွှေကျင်နှင့် ကျောက်ကြီးတွင် ထွက်ပြေးတိမ်းရှောင်နေရသူ များပြားလာ 

KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ် အတွင်းတွင် ၁၉ ရက်အတွင်း စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူ များပြားလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

" စစ်ကောင်စီတပ်မှ ရွှေကျင်မြို့နယ်သို့ လက်နက်ကြီး ၂၆၁ လုံး၊ ကျောက်ကြီးမြို့နယ်သို့ ၁၈၁ လုံးအထိ ပစ်ခတ်ခဲ့ပြီး အတည်မပြုနိုင်သေးသည့် အရေအတွက်များစွာရှိနေကြောင်း" KNU ဗဟိုက ဖော်ပြထားသည်။ 

မတ်လအတွင်းတွင် ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်​များသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံကိုးဦး ထိခိုက်ဒဏ်ရာရပြီး ဒေသခံနေအိမ် ၁၆ လုံး၊ ဘုန်းကြီးကျောင်းရှိ သိမ်တစ်လုံး အပါအဝင် ဒေသခံပြည်သူများ​၏ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။ 

စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ် ၂၀ လုံး၊ ဈေးဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်သုံးစီးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ လေးဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဒါ့အပြင် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်​၏ လူသားဒိုင်းကာများအဖြစ် အသုံးပြုခံနေရသော ဒေသခံပြည်သူများ ရှိနေကြောင်းသိရသည်။ 

" စစ်ကောင်စီဘက်မှ ကျေးရွာနေ ပြည်သူလူထုများကို ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း ရှိသော်လည်း ကေအဲန်ယူ-ခလယ်လွီထူခရိုင်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။" ဟု ဖော်ပြထားသည်။ 

စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျောက်ကြီးမြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ ရွှေကျင်မြို့နယ်မှ ကျေးရွာ ၂၇ ရွာ၊ စုစုပေါင်း ၃၉ ရွာမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး KNU မှ ၃၁ ရွာသာ အတည်ပြုနိုင်သေးပြီး ထို ၃၁ ရွာတွင် ဒေသခံပြည်သူ ၂၂,၁၁၈ ဦးရှိကြောင်းသိရသည်။ 

ရွှေကျင်မြို့နယ်တွင် စစ်ဘေးရှောင်နေရသော ကျေးရွာ ၂၇ ရွာရှိပြီး ထိုအနက် ၁၉ ရွာအား အတိအကျစာရင်းပြုနိုင်ခဲ့သော်လည်း ကျန်ရှစ်ရွာအား အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။ 

KNU မှ အတည်ပြုနိုင်ခဲ့သော ရွှေကျင်မြို့မှ စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၁၉ ရွာမှာ သက်ကယ်ကုန်း၊ အင်းဗလာ၊ သံဆိပ်မင်းလမ်း၊ သံဆိပ်ရွာမ၊ စက်စု၊ ပြည်တော်သာ၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်အိုင်၊ ပုဇွန်အိုင်၊ ဒေါင့်ကွေ့၊ ဝိုင်ကျွန်း၊ ဝိုင်ပျဉ်ရေ၊ ချောင်းကျိုး၊ ညောင်ပင်ကြီးရွာမ၊ ပျဉ်ရေ၊ စံဖဲ၊ ထမင်းရုံ၊ ကျောင်းစု၊ သိုက်တူးကုန်းတို့ဖြစ်ပြီး KNU အတည်မပြုနိုင်သေးသော ရွှေကျင်မြို့နယ်မှ စစ်ဘေးရှောင်ကျေးရွာ ရှစ်ရွာမှာ ရွှေခဲစု၊ ထမင်းရုံရွာသစ်၊ ရွှေဘိုသာ၊ ကုန်းတလာကြီး၊ မောင်ပြား၊ မီးလောင်ကုန်း၊ အင်းပုဝါ၊ အောက်မိုးခိုကျေးရွာတို့ဖြစ်ကြသည်။ 

ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင်နေရသော ကျေးရွာများမှာ လက်ကောက်ဝါ၊ ကျည်းပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဟင်္သာဝဲ၊ ပြည်တော်သာကျွန်းကြီး၊ လှေတန်းကျွန်းကြီး၊ ကျည်စု၊ ဝဲမူး၊ ထိုးဝါးစိုက်၊ ရွာကန့်လန့်၊ ရွှေသောင် စသည့်ကျေးရွာများဖြစ်သည်။ 

ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်သော စစ်ကောင်စီတပ်သားများနှင့် KNLA တပ်မဟာ (၃)၊ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ KNDO တပ်ရင်း(၃)၊ Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများ​၏ အခြေခံလိုအပ်ချက်များ၊ လိုအပ်နေသော အကူအညီများအား ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်ရှိ တာဝန်ရှိသူများမှ တာဝန်ယူဖြေရှင်းပေးလျက်ရှိနေကြောင်း KNU ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

ဓါတ်ပုံ- ဖြူးမြို့နယ်နှင့် သတင်းပေါင်းစုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly