မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လူပေါင်း ၂,၉၀၀ ကျော် သတ်ဖြတ်ခံရဟု အမေရိကန် ထုတ်ပြန် 

By Imphal Free Press 
22 March 2023
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လူပေါင်း ၂,၉၀၀ ကျော် သတ်ဖြတ်ခံရဟု အမေရိကန် ထုတ်ပြန် 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းပြီးမှစကာ လူပေါင်း ၂,၉၀၀ ကျော် သတ်ဖြတ်ခံရပြီး ၁၇,၀၀၀ ကျော် ဖမ်းဆီးခံရသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တနင်္လာနေ့က ထုတ်ပြန်သော ၂၀၂၂ လူ့အခွင့်အရေး အမူအကျင့်ဆိုင်ရာ နိုင်ငံအစီရင်ခံစာအရ သိရသည်။ 

စစ်အာဏာသိမ်းအုပ်စုက ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်မှုများ ကျူးလွန်ပြီး အာဏာကို ထိန်းချုပ်ထားကြောင်းကို အဆိုပါ အစီရင်ခံစာ၌ ဖော်ပြပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစပြီး ပြည်သူ ၂,၉၀၀ ကျော်ကို သတ်ဖြတ်ကာ ၁၇,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။ 

မြန်မာစစ်တပ်သည် မွတ်စလင်အများစုဖြစ်သော ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများ ကျူးလွန်ထားခြင်းကြောင့် ရိုဟင်ဂျာများနှင့် အခြားသော တိုင်းရင်းသားများ ဘာသာရေးလူနည်းစုများ ရင်ဆိုင်ကြရသည့် မတော်မတရား ပြုကျင့်မှုများအတွက် တရားမျှတရေးနှင့် တာဝန်ခံလာရေးတို့ကို အမေရိကန်အနေဖြင့် ထပ်လောင်းကြိုးပမ်းသွားမည်ဟု ယင်း အစီရင်ခံစာက ဆိုသည်။ 

“မြန်မာနိုင်ငံမှာ တာဝန်ခံမှု ရှိလာရေး ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၂ မတ်လအတွင်း ကျွန်တော် ချမှတ်ခဲ့ပါတယ်၊ ဒါကတော့ စစ်တပ်ဟာ မွတ်စလင်အများစု ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်၊ ရိုဟင်ဂျာတွေရယ်၊ အခြားတိုင်းရင်းသားတွေရယ်၊ ဘာသာရေးလူနည်းစုတွေရယ် ရင်ဆိုင်ကြရတဲ့ မတော်မတရားမှုတွေအတွက် တရားမျှတမှု ရရေးနဲ့ တာဝန်ခံလာရေးတွေကို အမေရိကန်က လုံ့လစိုက်ထုတ်သွားမယ်ဆိုတာ ကတိပေးတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

အဆိုပါ အစီရင်ခံစာတွင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တာလီဘန်များ၏ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ခွဲခြားဆက်ဆံခြင်းများ ကျူးလွန်နေသော အာဖဂန်နစ္စတန်အရေးကိုလည်း ဖော်ပြာထားသည်။ 

“ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို မတားမြစ်ဘူး၊ ဒါဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးပါ၊ တာလီဘန်တွေဟာ အစိုးရအဖွဲ့အစည်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေကို တားမြစ်ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေါ် မှီခိုနေရတဲ့ သန်းပေါင်းများစွာသော အာဖဂန်ပြည်သူတွေကို ဒုက္ခပေးနေတယ်၊ လူဦးရေရဲ့ ထက်ဝက်ကို လူ့အသိုင်းအဝိုင်းနဲ့ စီးပွားရေးကနေ တားမြစ်ဖြတ်တောက်ထားရင် ဘယ်လို တိုင်းပြည်မှ ငြိမ်းချမ်းရေးနဲ့ စည်ပင်ဝပြောရေးကို ရရှိမှာ မဟုတ်ဘူး”ဟု ဘလင့်ကင်က အစီရင်ခံစာ၌ ဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly