မန္တလေးမြို့ သီရိဟေမာအနောက်ရပ်ကွက်ရုံး ဗုံးပစ်ခံရ 

By 007 (မဇ္ဈိမ)
21 March 2023
မန္တလေးမြို့ သီရိဟေမာအနောက်ရပ်ကွက်ရုံး ဗုံးပစ်ခံရ 

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်က ဗုံးပစ် တိုက်ခိုက်ခံခဲ့ရကြောင်း အနီးအနား ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

“ရပ်ကွက်ရုံးကို လက်ပစ်ဗုံးနဲ့ လှမ်းထုသွားတာပါ၊ ပေါက်ကွဲသံ အတော်ကြီးတယ်၊ လူအထိအခိုက်တော့ မကြားမိဘူး” ဟု ရုံးအနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

မန္တလေး ချမ်းအေးသာစံမြို့နယ် သီရိဟေမာအနောက်ရပ်ကွက်၊ လမ်း ၉၀ နှင့် ၂၇ (အေ)လမ်းထောင့်ရှိ၊ သီရိဟေမာအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်စီး အမျိုးသား သုံးဦးက ဗုံးပစ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။ 

“ရုံးကိုတော့ မထိသွားဘူး၊ ရုံးအနောက်ဘက်ကပ်လျက် ဓမ္မာရုံက မှန်တွေ အက်ကြောင်းဖြစ်တယ်၊ စုစုပေါင်းမှန် ရှစ်ချပ် အက်သွားတယ်” ဟု နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။ 

အဆိုပါ ဗုံးပစ်တိုက်ခိုက်ခံရမှုအတွင်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမှု လောလောဆယ်တွင် မသိရသေးပေ။ 

ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးခန်း အတွင်းထဲအထိ လက်လုပ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။ 

ထိုပစ်ခတ်မှုတွင် ရုံးခန်းအတွင်း ရှိနေသော ဒု-ဦးစီးမှူး အပါအဝင် ဝန်ထမ်းလေးဦး ထိဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ယင်းတိုက်ခိုက်မှုကို အောင်စည်တော်စစ်ဆင်ရေး-မန္တလေး(AST-MDY) က လုပ်ဆောင်ခဲ့ခြင်းဟု ထိုအဖွဲ့က ထုတ်ပြန်ထားသည်။ 

ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော အောင်စည် တော်စစ်ဆင်ရေး-မန္တလေးသည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ ထောက်လှမ်းရေးတပ်အဝင်ပေါက် ဂိတ်စခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ 

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required