ဗြိတိန်က လုံခြုံရေးစိုးရိမ်မှုများကြောင့် အစိုးရဖုန်းများတွင် TikTok အက်ပလီကေးရှင်းကို အသုံးပြုခွင့် ပိတ်ပင်

By Reuters
21 March 2023
ဗြိတိန်က လုံခြုံရေးစိုးရိမ်မှုများကြောင့် အစိုးရဖုန်းများတွင် TikTok အက်ပလီကေးရှင်းကို အသုံးပြုခွင့် ပိတ်ပင်

ဗြိတိန်အစိုးရသည် လုံခြုံရေးစိုးရိမ်မှုများကြောင့် အနောက်နိုင်ငံများနည်းတူ တရုတ်ပိုင် TikTok ဗီဒီယိုအက်ပလီကေးရှင်းကို အစိုးရဖုန်းများတွင် ထည့်သွင်းခြင်းအား ချက်ချင်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း မတ် ၁၆ ရက်က ထုတ်ဖော်ပြောကြားသည်။

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီမှ ပိုင်ဆိုင်သော TikTok  အက်ပလီကေးရှင်းကို အသုံးပြုသူများ၏ အချက်အလက်များသည် တရုတ်အစိုးရလက်ထဲသို့ ရောက်ရှိကာ အနောက်နိုင်ငံများ၏ လုံခြုံရေးနှင့် အကျိုးစီးပွား ကိုထိခိုက်မည်စိုးသဖြင့် အဆိုပါအက်ပ်အား စိစစ်မှု တိုးလာခဲ့ခြင်းဖြစ်သည်။

"အရေးကြီးတဲ့ အစိုးရသတင်းအချက်အလက်တွေရဲ့ လုံခြုံရေးက ပထမဦးစားပေး ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့က အစိုးရစက်ပစ္စည်းတွေမှာ အဲဒီ အက်ပလီကေးရှင်းကို ပိတ်ထားတယ်။ အချက်အလက် တောင်းယူတဲ့ အခြားအက်ပလီကေးရှင်းတွေကိုလည်း သုံးသပ်သွားမှာပါ" ဟု အစိုးရအဖွဲ့ရုံးဝန်ကြီး အိုလစ်ဗာ ဒိုတန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် ဆိုရှယ်မီဒီယာအက်ပ်များမှတစ်ဆင့် အစိုးရအချက်အလက်များ၏ ဖြစ်နိုင်ခြေရှိသော အားနည်းချက်များနှင့် အရေးကြီးသော အချက်အလက်များကို ဝင်ရောက် အသုံးပြုနိုင်သည့် အန္တရာယ်များကို ရှာဖွေစောင့်ကြည့်ရန် နိုင်ငံတော်ဆိုက်ဘာလုံခြုံရေးစင်တာအား တောင်းဆိုခဲ့သည်။

အမေရိကန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် ဥရောပကော်မရှင်တို့သည် အဆိုပါအက်ပလီကေးရှင်းကို တရားဝင် စက်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုခြင်းအား တားမြစ်ထားပြီးဖြစ်သည်။
အဆိုပါ ကန့်သတ်တားမြစ်သော ဆုံးဖြတ်ချက်ကို  စိတ်ပျက်မိကြောင်းနှင့် ဥရောပရှိ အက်ပ်အသုံးပြုသူများ၏ အချက်အလက်များကို ပိုမိုကာကွယ်ရန် ခြေလှမ်းများစတင်နေပြီဖြစ်ကြောင်း TikTok ကုမ္ပဏီက ပြောသည်။

“ဒီတားမြစ်မှုတွေဟာ အထင်အမြင်လွဲမှားမှုများနှင့် ပထဝီနိုင်ငံရေးတွန်းအားတွေအပေါ် အခြေခံပြီး လုပ်ဆောင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ TikTok နဲ့ ဗြိတိန်မှာရှိတဲ့ အက်ပ်သုံးစွဲသူတွေနဲ့ ဘာမှမဆိုင်ပါဘူး” ဟု TikTok ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဆုံးဖြတ်ချက်သည် ဖြစ်ရပ်မှန်များထက် နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံသည်ဟု  တရုတ်နိုင်ငံက  ထုတ်ပြန်သည်။

အဆိုပါလုပ်ဆောင်ချက်ကြောင့် ဗြိတိန်ရှိ သက်ဆိုင်ရာကုမ္ပဏီများ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေပြီး နောက်ဆုံးတွင် ဗြိတိန်၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း လန်ဒန်ရှိ  တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TikTok ကို ပိတ်ပင်ရာတွင် အစိုးရဝန်ထမ်းများ သို့မဟုတ် ဝန်ကြီးများ၏ ကိုယ်ရေးကိုယ်တာ စက်ပစ္စည်းများ မပါဝင်ဘဲ အလုပ်ကိစ္စအတွက် အသုံးပြုသော အစိုးရစက်ပစ္စည်းများတွင်သာ အကျုံးဝင်ကြောင်း ဒိုတန်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags