အာဖဂန်တွင် မိန်းကလေးကျောင်းများ ပြန်ဖွင့်ပေးရေး   နိုင်ငံတကာက တာလီဘန်အစိုးရကို  စည်းရုံးသင့်ဟု ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း

By ANI
21 March 2023
အာဖဂန်တွင် မိန်းကလေးကျောင်းများ ပြန်ဖွင့်ပေးရေး   နိုင်ငံတကာက တာလီဘန်အစိုးရကို  စည်းရုံးသင့်ဟု ဗြိတိန်လွှတ်တော်အမတ် တိုက်တွန်း

အာဖဂန်နစ္စတန်တွင် မိန်းကလေးကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးအတွက် တာလီဘန်များနှင့် ဆွေးနွေးရန် ဗြိတိန်ပါလီမန်အဖွဲ့ဝင်အချို့က နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုခဲ့သည်ဟု TOLOnews က ဖော်ပြထားသည်။

“နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိန်းကလေးငယ်တွေအတွက် မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းတွေ ရှိပါတယ်။ ကျောင်းတွေပြန်ဖွင့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တာလီဘန်အစိုးရကို စည်းရုံးရပါမယ်။ ပညာရေးနယ်ပယ်ကိုလည်း တိုးချဲ့သင့်ပါတယ်” ဟု  ဗြိတိန်ပါလီမန်အမတ် အန်ဒရူး မစ်ချယ်က ပြောသည်။

အာဖဂန်နစ္စတန်ရှိ မိန်းကလေးကျောင်းများကို ပိတ်လိုက်ခြင်းကြောင့် မိန်းကလေး ၈၅၀ ၀၀၀ ခန့် ကျောင်းတက်ခွင့် ဆုံးရှုံးခဲ့ရကြောင်း   ဗြိတိန်ပါလီမန်အမတ်အချို့က ဝေဖန်ကြသည်။

စတန်းဖို့ဒ်မြို့ရှိ St Matthew မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ပညာသင်ကြားခွင့်ကန့်သတ်ခံရသည့် အာဖဂန်နစ္စတန်ရှိ မိန်းကလေးများ ကြုံတွေ့နေရသည့် အခက်အခဲအပေါ် စာနာသည့်အနေဖြင့် မကြာသေးမီက ချီတက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“အရေးကြီးတဲ့ ဒီကိစ္စကို သတိပြုမိစေဖို့ တတ်နိုင်သမျှ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်။” ဟု ဗြိတိန်လွှတ်တော်အမတ် အန်ဒရူး ဝက်စတန် က ပြောကြားခဲ့ကြောင်း TOLOnews ကဖော်ပြသည်။

အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနတို့က အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ အခွင့်အရေးများ အထူးသဖြင့် ပညာရေးနယ်ပယ်တွင် ပံ့ပိုးကူညီရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် နယ်ပယ်အသီးသီး၌ အခက်အခဲများရှိနေကြောင်းနှင့် အမျိုးသမီးများအား ပံ့ပိုးကူညီပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly