သဘာဝ သယံဇာတ တူးဖော်ထုုတ်လုုပ်မှုနှင့် ပတ်သက်၍ အချက် ၆ ချက် ကချင်လူမှုအဖွဲ့အစည်းများတောင်းဆို

သဘာဝ သယံဇာတ တူးဖော်ထုုတ်လုုပ်မှုနှင့် ပတ်သက်၍ အချက် ၆ ချက် ကချင်လူမှုအဖွဲ့အစည်းများတောင်းဆို
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land

ချင်းမိုင်၊ မတ် ၂၁ ။            ။ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အများပြည်သူ အကျိုးအတွက် အလေးပေးထည့်သွင်း ဆွေးနွေးသွားကြရန် အပါအဝင် အချက် ၆ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ကချင်လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဖားကန့်ဒေသကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်မှု ဆိုင်ရာ မူဝါဒ အထောက်အကူပြု ဆွေးနွေးပွဲကို မတ်လ ၁၈ ရက်မှ ၁၉ ရက်များတွင် ကျင်းပခဲ့ပြီး ကချင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဖားကန့်ဒေသရှိ လူထုခေါင်းဆောင်များ၊ တိုင်းနှင့် ပြည်နယ် အသီးသီးမှ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံ မှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) ကိုယ်စားလှယ်များ ပါဝင်သော ဆွေးနွေးခဲ့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Wunpawng Amyu Sha Zinlum Hpung)မှ ဦးဆောင်၍ ဖားကန့်မြို့ မရှီကထောင် နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ကျင်းပခဲ့ကာ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

“သယံဇာတကြောင့် တိုက်ပွဲက အဓွန့်ရှည်နေတာလဲ ဖြစ်နိုင်တယ်။ ပြီးတော့ သယံဇာတကြောင့် ကျွန်တော်တို့ ဒေသမှာ တိုက်ပွဲဖြစ်တာ အဲဒါလည်း အကြောင့်အရင်းတစ်ချက်ပါတယ်။ အခုလည်း စစ်ကြောင်းတွေလည်း ထိုးနေတယ်။ ကျွန်တော်တို့ ပြည်သူ လူထုက အမြဲတမ်းကြီးလန့်စာစားနေသလို ဖြစ်နေတာ။ အဲဒါကြောင့်မို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီသယံဇာတ ကိစ္စ အလေးထားပြီး ထည့်သွင်းဆွေးနွေးခိုင်းစေချင်တာ”ဟု ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဥက္ကဌ ဦးလမောင်လတောင်က မဇ္ဈိမကို ပြောသည်။

ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများ စည်းကမ်းမဲ့ မြေစာများ စွန့်ပစ်သောကြောင့် မြေစာပုံ ပိကာ လူပေါင်းများစွာ သေဆုံးမှုများအတွက် ကျူးလွန်သည့် ကုမ္ဗဏီများအား ထိရောက်စွာ အရေးယူပေးရန်၊ မြေစာသယ် စက်ယန္တရားကြီးများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များသည် အများပြည်သူ ပိုင်လမ်းမများတွင် စည်းကမ်းမဲ့ မောင်းနင်မှုကြောင့် ထိခိုက် ဒဏ်ရာရမှု များအပေါ် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ခံယူမှုရှိစေရန်နှင့် သက်ဆိုင်ရာ အစိုးရမှလည်း ၎င်းကုမ္ပဏီများအား ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်းပေးရန် ၎င်းတို့၏ ကြေငြာချက်တွင် တောင်းဆိုထားသည်။

ပြည်သူအကျိုးပြု သယံဇာတ စီမံကိန်း ခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ ယန္တရားများ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံးထွက်ပေါ်လာရေး အောင်ရွက်ပေးရန် အဆိုပါ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ မထွက်သေးသ၍ ကျောက်စိမ်းတူးဖော်မှု စီမံကိန်းများ ရပ်ဆိုင်းထားရန် ကြေငြာချက်တွင် တောင်းဆိုထားသည်။

နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ဗဏီများက အခွင့်ကောင်းယူကာ ကျောက်စိမ်း တူးဖော်မှုကို စည်းကမ်းမဲ့ လုပ်ဆောင်သူအများအပြား ရှိနေသလို၊ ဒေသခံလူထု၏ အကျိုးခံစားခွင့်များ မရရှိသဖြင့် နိုင်ငံရေး တည်ငြိမ်နေချိန်မှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း သူက ပြောသည်။

ဆွေးနွေးပွဲတွင် ဥပဒေချိုးဖောက်၍ စည်းကမ်းမဲ့ ဆိုးရွားစွာ ကျောက်စိမ်း သယံဇာတ တူးဖော်ထုတ်လုပ်မှုများကြောင့် ဌာနေ တိုင်းရင်းသားများ တွေ့ကြုံ ခံစားနေရသော လူမှုဘဝကပ်ဘေးဒုက္ခများ၊ သဘောဝပတ်ဝန်းကျင် ဆိုးကျိုးအန္တရာယ်များ၊ ကျန်းမာရေး ထိခိုက်ခံစားနေရမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကုမ္ပဏီမှ စွန့်ပစ်ထားသော ပေပေါင်း ၃၀၀၀၊ ၄၀၀၀ ခန့်ထိ မြင့်များသော မြေစာပုံများကြောင့် မိုးတွင်းကာလတွင် မြေပြိုကာ ဒေသခံ ရွာသားများ ရေကြီး ရေလျှံမှုများ   နှစ်စဉ် ဖြစ်ပွားနေသဖြင့်   ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သော အိုးအိမ် များအတွက် ပြန်လည် ပြုပြင်တည်ဆောက်နေရသဖြင့် စီးပွားရေးတွင် နှောင့်နှေးမှုများ ရှိနေသည်ဟု သူက ပြောသည်။

မူးယစ်ဆေးဝါး အလွယ်တစ်ကူဝယ်ယူသုံးစွဲနိုင်ခြင်း၊ နွေရာသီတွင် ဒေသခံလူထု ဖြတ်သန်းနေရသော ကားလမ်းပေါ်တွင် မြေစာ သယ်ကားများ နေ့စဉ် ဖြတ်သန်းမှုကြောင့် ဖုံမှုန့်များ ရှုူနေရခြင်း စသည့် ကျန်းမာရေး ဆိုးကျိုးများ ခံစားနေရသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့က လက်တွေ့ကြုံနေရတဲ့ဒုက္ခက အဲဒီအပေါ်မူတည်တယ်။ ကုမ္မဏီရဲ့အသုံးပြုနေတဲ့ ယန္တရားကြီးတွေ လူသွားတဲ့လမ်းပေါ်မှာ နေ့တိုင်းလို ဖြတ်သွားတဲ့အခါမှာ ကျနော်တို့ သွားရေးလာရေးကအစ ဒုက္ခရောက်တယ်ဗျာ။ ပြီးတော့ ကားတိုက်ပြီး သေသွားတဲ့လူ မနည်းတော့ဘူး။ ကျောင်းသွားကျောင်းပြန်ကအစ အမြဲတမ်းဒုက္ခကြုံတွေ့နေရတယ်”ဟု ဦးလမောင် လတောင်က ပြောသည်။

လွတ်လပ်သော၊ ဘက်ပေါင်းစုံမှပညာရှင်များနှင့် ဒေသခံ ပြည်သူများ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပြီး ဒေသခံ ပြည်သူများ၊ နိုင်ငံတော် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး၍ တရားမျှတမှုကို ဆောင်ကျဉ်းပေးရန် ထည့်သွင်း တောင်းဆိုထားသည်။

ထို့ပြင် ကျောက်စိမ်းတူးဖော်မှုကြောင့် ဒေသရှိ မြစ်ချောင်းများ၊ သဘာဝ အရင်းအမြစ်များ၊ မြေသယံဇာတ ရေသယံဇာတ ပျက်စီး ဆုံးရှုံးမှုခံနေရသလို၊ ဆိုးဝါးစွာ ရေလွမ်းမိုးမှုများကြောင့် အသက်အိုးအိမ် ဆုံးရှုံးပျက်စီးခြင်းများ အပါအဝင် ရေခမ်း ခြောက်မှု၊ သစ်တော ပြုန်းတီးမှုများကြောင့် အစိုးရမှ ကုမ္ပဏီများအား တာဝန်ခံယူမှုရှိစေရန်အတွက် နဂိုသဘာဝအတိုင်း ဖြစ်စေရေး စီမံဆောင်ရွက်ပေးစေရန် ကချင်လူမှုအဖွဲ့အစည်းများက တိုက်တွန်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဒေသခံ ပြည်သူများက ကျာက်စိမ်း တူးဖော်ရေးကုမ္ဗဏီများ၊ မြေစာသယ်ကားများ ရွာလမ်းမတွင် မြတ်သန်းရန်၊ မြေစာကြောင့် ဥရုချောင်း တိမ်ကောလာမှုကို ပြန်လည်   ပြုပြင်ထိန်းသိမ်းပေးရန်၊ စည်းကမ်းမဲ့ဖြေစာပုံများကို ဖယ်ရှားရန်နှင့် ကျောက်စိမ်းတူးဖော်ရာတွင် ဒိုင်းနမိုက်များ သုံးစွဲမှု လျော့ချ၍ စနစ်တကျဆောင်ရွက်ရန် တောင်းဆို ဆန္ဒဖော် ထုတ်ခဲ့သည်။ ၎င်းတို့တောင်းဆိုမှုမှ မြေစာသယ်ယာဉ်များ ကျေးရွာအတွင်း လမ်းမပေါ်မှ မဖြတ်သန်းရန်ဆိုသော အချက်ကိုမူ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၅ ခုနှစ်အတွင်း ဖားကန့်မြို့နယ်အတွင်း မိုးတွင်းကာလတွင် ရေကြီးခြင်း၊ ကုမ္ပဏီများ စွန်ပစ်သော မြေစာများ ပြိုကျမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း ၁၀၀ ကျော် မြေပိသေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly