အဆင့်မြင့်ဒရုန်းများဝယ်ယူရန်ပြုလုပ်နေသည့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကြရန် Saw Dragon Drone Force အဖွဲ့ မေတ္တာရပ်ခံ

By သွင်ထူးဈာန် (မဇ္ဈိမ)
21 March 2023
အဆင့်မြင့်ဒရုန်းများဝယ်ယူရန်ပြုလုပ်နေသည့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကြရန် Saw Dragon Drone Force အဖွဲ့ မေတ္တာရပ်ခံ

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း ကရင့်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေသည့် Saw Dragon Drone Force အဖွဲ့က အဆင့်မြင့်ဒရုန်း များဝယ်ယူရန် ပြုလုပ်နေသည့် ကံစမ်းမဲအစီအစဉ်မှာ ၂၀ ရာခိုင်နှုန်းသာ ရောင်းချရသည့်အတွက် ဝယ်ယူ အားပေးကြရန် မေတ္တာရပ်ခံထားသည်။ 

ကံစမ်းမဲရောင်းချသည့်ကာလမှာ ဖေဖော်ဝါရီလ ၁၅ ရက်မှ ဧပြီလ ၁၅ ရက်နေ့အထိဖြစ်ပြီး အစောင်ရေ ၆,၅၀၀ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 

“Project ကာလက တလကျော်ပြီပေါ့နော်။ ၂၀ ရာခိုင်နှုန်းပဲ ရောင်းရသေးတယ်။ ရည်မှန်းထားတဲ့ အနေ ထားအထိရောက်အောင် ပြည်သူတွေရဲ့ ကူညီမှုလိုအပ်နေပါတယ်။ အခုဝယ်မယ့်ဒရုန်းက အရင်ကထက် ပိုနည်းပညာမြင့်ပြီး တိုက်ခိုက်စွမ်းအားပိုမြင့်လို့ အရှိန်မြှင့်တိုက်ခိုက်ဖို့ဖြစ်ပါတယ်”ဟု Saw Dragon Drone Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရောင်းချရသည့်ငွေများဖြင့် တစ်စီးလျှင် သိန်း ၁၅၀ တန်ဖိုးရှိ ဒရုန်းငါးစီးဝယ်ယူမည်ဖြစ်ကြောင်း သိရ သည်။ ပန်းချီကားငါးချပ်ကို မဲဖောက်ပေးသွားမည်ဖြစ်ပြီး  မဲတစ်စောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ရောင်းချမည်ဖြစ်သည်။ အစောင်၂၀ ဝယ်ယူမည်ဆိုပါက တိုက်ပွဲတိုက်ခိုက်မည့်ဗုံးသီးတွင် မိမိရေးလိုသည့် စာသားများကိုထည့်သွင်းကာ တိုက်ခိုက်မှုမှတ်တမ်းကိုလည်း ဝယ်ယူသူထံပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ 

Saw Dragon Drone Force အဖွဲ့သည် တည်ထောင်ပြီးတနှစ်အတွင်း တောင်ကြာအင်းတိုက်ပွဲ၊ ချောင်း နှစ်ခွတိုက်ပွဲ၊ သံဖြူဇရပ်တိုက်ပွဲ၊ ရေးမြို့နယ် ခလရ(၅၈၈)၊ အာရှလမ်း တောနော်ရေတံခွန် မွေးမြူရေး တပ်စခန်း၊ တမိုင်ကုန်းတိုက်ပွဲ၊ ကော့နွဲတိုက်ပွဲ၊ တဂေးတိုက်ပွဲ၊ ချောင်းနှစ်ခွရဲကင်းစခန်း၊ ခမရ (၉၇) လက် နက်ကြီးကုန်း၊ တောင်ကလေးရဲစခန်းနှင့် ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံတိုက်ခိုက်မှုတို့တွင် ဒရုန်းဖြင့်(၈၁) ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly