ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဆမားဇုံနယ်အတွင်းရေးမှူး ပြန်လည်လွတ်မြောက်လာ

By အဂမ်
21 March 2023
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဆမားဇုံနယ်အတွင်းရေးမှူး ပြန်လည်လွတ်မြောက်လာ
Photo - KBC 

မဇ္ဈိမ။   ။စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဆမားဇုံနယ် အတွင်းရေးမှူး သိက္ခာတော်ရသင်းအုပ်ဆရာကြီး ခလမ်ဂွမ်ဖန်လတ် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားအကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကေဘီစီကသတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်မှပက်ကင်းအဖွဲ့၏ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရသော ဝိုင်းမော်မြို့နယ် ဆမားသာသနာဇုံနယ် အတွင်းရေးမှူး သင်းအုပ်ဆရာကြီး ခလမ်ဂွမ်ဖန်လတ်က မတ်လ ၂၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်မှာ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

“ ဆရာကြီး ပြန်လည်လွတ်မြောက်လာရေးအတွက် အဖက်ဖက်ကူညီပေးသူတွေနဲ့ ဆုတောင်းပေးတဲ့ အသင်းသူအသင်းသား အားလုံးကို အထူးကျေးဇူးတင်ကြောင်း ” KBC က ထုတ်ပြန်ထားသည်။

သင်းအုပ်ဆရာကြီးခလမ်ဂွမ်ဖန်လတ်မှာ နှစ်လနီးပါးကြာ မြစ်ကြီးနားအကျဥ်းထောင်တွင် ချုပ်နှောင်ထား ရှိရာမှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဆမားဇုံနယ် အတွင်းရေးမှူး သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ခလမ်ဂွမ်ဖန်လတ်မှာ ယင်းသာသနာဇုံ နယ်တွင်ပါဝင်သော ကေအိုင်အိုထိန်းချုပ်နယ်မြေမှ အသင်းသူအသင်းသားအချို့ ပို့ဆောင်ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို အသိမိတ်ဆွေ၊ ဆွေမျိုးများထံ လိုက်လံပို့ဆောင်နေစဥ် စစ်ကောင်စီပတ်ကင်း အဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့ညက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

၎င်းအား မြစ်ကြီးနားအကျဥ်းထောင်တွင် ချုပ်နှောင်ထားကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုရန်လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များကဆိုကြသော်လည်း မဇ္ဈိမအနေဖြင့် သီး ခြား အတည်ပြုနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရသော KBC ဥက္ကဋ္ဌဟောင်း Rev. ဒေါက်တာ ခလမ်ဆမ်ဆွန်မှာလည်း မြစ်ကြီးနားအကျဉ်းထောင်၌ ချုပ်နှောင်ခံ နေရဆဲဖြစ်ပြီး၊ ပုဒ်မ ၁၇/၁ အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့်ပါ စစ်ကောင်စီက တရားစွဲဆိုထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required