ပခုက္ကူခရိုင် PDF တပ်ရင်း စီးနင်းခံရ၍ စခန်းမီးရှို့ဖျက်ဆီးခံရ 

By 001 (မဇ္စျိမ)
21 March 2023
ပခုက္ကူခရိုင် PDF တပ်ရင်း စီးနင်းခံရ၍ စခန်းမီးရှို့ဖျက်ဆီးခံရ 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ PDF တပ်ရင်း (၁၄) တပ်ခွဲ (၂) စခန်းကို ပြီးခဲ့သည့် မတ်လ ၁၇ ရက် နံနက် ၉နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါ စခန်း၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

စခန်းအား လေကြောင်းဖြင့် ဦးစွာပစ်ခတ်ပြီးနောက် အင်အား ၈၀ ကျော်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မြေပြင်မှ ထပ်မံဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဉဩကဆိုသည်။ 

“လက်နက်ကြီး ၆၀ အဖူး ၁၂၀၊ ၈၀ ၊ ရော့ကတ်အဖူး ၊ ပြီးတော့ ယမ်းအစုံပဲ။ ဖောက်ခွဲရေးပစ္စည်းတွေ မီးစက်တွေ ပြီးတော့ ယူနီဖောင်းတွေပေါ့။ ရဲဘော်တွေ အဝတ်အစား ၊ ဆေးပစ္စည်းတွေကအစ တန်ဖိုးဆုံးရှုံးမှုကတော့ ကျပ်သိန်း ၈၀၀ လောက်ပါသွားမယ်ဗျ”ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းချိန်တွင် စခန်းရှိ ရဲဘော်များမှာ အချိန်မီရှောင်တိမ်းလိုက်နိုင်သည့်အတွက် ထိခိုက်ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူ မရှိခဲ့ကြောင်း သိရသည်။ 

သို့သော် လက်နက်များအပါအဝင် စခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် စခန်းပြန်လည်တည်ဆောက်နိုင်ရေး အကူအညီများ လိုအပ်နေကြောင်း တပ်ရင်း (၁၄) ၊ တပ်ခွဲ (၂) က ဆိုသည်။ 

“စခန်းအတွက် လိုအပ်ချက်တွေပေါ့ဗျာ။ လက်နက်၊ ခဲယမ်းတွေ အဓိက လိုအပ်နေတယ်။ လက်နက်၊ ခဲယမ်းတွေက မီးထဲပါသွားတော့လေ။ လက်နက်တိုက်ရော မီးရှို့ခံရတာဆိုတော့ ၊ ပြီးတော့ တိုက်ပွဲကလည်း အနီးနားမှာ ဆက်ဖြစ်နေတာဆိုတော့ လက်နက်၊ ခဲယမ်းကတော့ ပြတ်လုနီးပါးဖြစ်နေပြီ။ အဲ့တာကို တတ်နိုင်သလောက်လေး ပြည်သူတွေအနေနဲ့ ကူညီဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂) ပြန်ကြား​ရေးတာဝန်ခံ ဗိုလ်ဥသြက‌ ပြောသည်။ 

ပခုက္ကူခရိုင် တပ်ရင်း (၁၄) ၊ တပ်ခွဲ (၂) သို့ လှူဒါန်းလိုပါက အနောက်ပိုင်းတိုင်း တပ်မဟာ (၇)၊  တပ်ရင်း (၇၁၀) Facebook Page Messenger သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် မတ်လ အ​စောပိုင်းကလည်း စစ်​ကောင်စီတပ်ဖွဲ့စစ်​ကြောင်းသည် PDF ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၁၈) စခန်းအား ဝင်​ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့​ကြောင်း တပ်ရင်း အမှတ် (၁၈) ၏ထုတ်ပြန်ချက်အရ သိရသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly