KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ တိုးလာ 

By YT  ( မဇ္ဈိမ)
21 March 2023
KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ တိုးလာ 

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ တပ်မဟာများတွင် ခြောက်လအတွင်း စစ်ဘေးရှောင်ဦးရေ သိသိသာသာမြင့်တက်လာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်​- (KPSN​)၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ညောင်လေးပင်ခရိုင်တွင် စစ်ရှောင်ဦးရေသည် ၆၁,၉၈၆ ဦးသာရှိခဲ့သော်လည်း ၂၀၂၃ နှစ် ဖေဖော်ဝါရီလအရောက်တွင် စစ်ရှောင်ဒေသခံဦးရေ ၁၄၂,၈၆၁ ဦးအထိ တိုးလာပြီး KNU တပ်မဟာ ခုနစ်ခုအနက် စစ်ရှောင်တိုးပွားမှုနှုန်း အများဆုံး ဖြစ်ပြီး နှစ်ဆကျော်အထိ တိုးလာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ဒါ့အပြင် KNU တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လက စစ်ဘေးရှောင်ဦးရေ ၇,၅၆၇ ဦးသာ ရှိခဲ့သော်လည်း ခြောက်လအတွင်း ၃၇,၄၃၅ ဦးအထိ တိုးပွားလာခဲ့ကာ KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်တွင် ယခင်က စစ်ရှောင်ဦးရေ ၇၄,၇၀၅ ဦးသာ ရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် ၁၂၈,၅၃၀ ဦးအထိ မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

" KNU တပ်မဟာ နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၅၃၂,၆၇၁ ဦးရေအထိရှိကြောင်း၊ စစ်ဘေးရှောင် များပြားလာရခြင်းသည် အဓိကအားဖြင့် စစ်ကောင်စီတပ်​ဖွဲ့၏ လက်နက်ကြီးများ၊ အမြောက်များ နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာခြင်းကြောင့်ဖြစ်ကြောင်း"  KPSN ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ စစ်ကောင်စီတပ်ဖွဲ့က တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တစ်ခုတည်းတွင် လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀၀ နီးပါး ပစ်ခတ်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂၀ ပြုလုပ်ခဲ့ကာ ဒရုန်းဖြင့် ခုနစ်ကြိမ် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၉ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုကဲ့သို့ KNU အုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်​ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုချင်းစီအား ကရင်လူ့အခွင့်အရေးအဖွဲ့- (KHRG) က စာရင်းပြုစုသွားမည်ဖြစ်ကြောင်း စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ကိုစောနန္ဒဆူး​၏ ပြောကြားချက်အရ သိရသည်။ 

" KHRG အနေနဲ့ မိမိတို့ မှတ်တမ်းပြုစုရာ ကရင်ပြည်နယ် ဒေသအတွင်းတွင် လက်လှမ်းမီသလောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တစိုက်မတ်မတ် မှတ်တမ်းပြုစုသွားမှာ ဖြစ်ပါတယ်။ တိုးပွားလာတဲ့ IDP (စစ်ဘေးရှောင်များ)နဲ့ ပတ်သက်ပြီးတော့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လက်လှမ်းမီနိုင်အောင် နိုင်ငံတကာက အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်" ဟု KHRG ​၏ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ကိုစောနန္ဒဆူးက မဇ္ဈိမကိုပြောသည်။ 

စစ်ဘေးရှောင်များ​၏ အဓိက အခက်အခဲသည် စားနပ်ရိက္ခာလိုအပ်ချက်၊ နေရာထိုင်ခင်းအပြင် ကျန်းမာရေးဝန်ဆောင်မှုများ ဖြစ်ကြောင်း ဆိုသည်။ 

ဆက်လက်ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် 
စစ်ဘေးရှောင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရသည့်အပြင် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းနှင့် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ချိုးဖောက်ခံနေရပြီး ကလေးသူငယ်များအနေဖြင့်လည်း ပညာရေးလက်လှမ်းမီနိုင်ခွင့် ဆုံးရှုံးကြရကြောင်း KHRGထံမှ သိရသည်။ 

"ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို နိုင်ငံကာက အချိန်နှင့် တစ်ပြေးညီ ကြားသိနိုင်အောင် တင်ပြပေးမယ့်အပြင် သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်တွေကိုလည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းကိုင်တွယ် ဖြေရှင်းပေးဖို့ ဆက်လက်ပြီး စည်းရုံးလှုံ့ဆော်သွားမှာ ဖြစ်ပါတယ်" ဟု ကိုစောနန္ဒဆူးက ဆက်ပြောသည်။ 

စစ်ကောင်စီသည် KNU နယ်မြေများတွင်သာမက တစ်နိုင်ငံလုံး အနေအထားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်နေသည့်အပေါ်  တရားမျှတမှုရရှိစေရန်၊ စစ်ကောင်စီအား အပြစ်ဒဏ်ချမှတ်နိုင်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က နိုင်ငံတကာအဖွဲ့အစည်းများထံ စည်းရုံးလှုံ့ဆော်ပေးသွားမည့်အကြောင်း ပြောကြားခဲ့သည်။
 
"စစ်ကောင်စီက ချိုးဖောက်တဲ့ လူ့ခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင်နဲ့ အပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်အောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ စည်းရုံးလှုံ့ဆော်ပေးသွားပါမယ်၊ ထိခိုက်နစ်နာသူတိုင်းအတွက်လည်း တရားမျှတမှုရရှိလာအောင် ဆက်လက်ပြီး ကြိုးပမ်းလုပ်ဆောင်နေပါတယ်" ဟု KHRG ​၏ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ကိုစောနန္ဒဆူးက ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီတပ်သားများနှင့် KNLA၊ PDF များအကြား တိုက်ပွဲအကြိမ်ရေ ၄၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၈၆ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required