သတင်းအချက်လက်မျှဝေရန်နှင့် ငွေကြေးပေးချေမှုစနစ်များအတွက် ဆက်သွယ်ရန် PTTEP ကို NUG တောင်းဆို

By မိုးသောက်
21 March 2023
သတင်းအချက်လက်မျှဝေရန်နှင့် ငွေကြေးပေးချေမှုစနစ်များအတွက် ဆက်သွယ်ရန် PTTEP ကို NUG တောင်းဆို

မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံပိုင် PTTEP (PTT Exploration and Production Public Company Limited)ကုမ္ပဏီကို ရတနာစီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမျှဝေရန်နှင့် ငွေရေး ကြေးရေးပေးချေမှုစနစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ဆက်သွယ်ရန် တောင်းဆိုစာပေး ပို့ထားကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့တွင် အချက်နှစ်ချက်ပါဝင်သည့် အဆိုပါတောင်းဆိုစာကို PTTEP ကုမ္ပဏီသို့ ပေးပို့ခဲ့ပြီး ရက်ပေါင်း ၃၀ အချိန်ပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၂၀ ရက်နေ့က ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တောင်းဆိုထားသည့်အချက်နှစ်ချက်မှာ အကြမ်းဖက်အုပ်စုထံ စာချုပ်ပါအချက်အလက်များကို မမှန်မကန်လိုက်နာ၍ ပေးပို့ခဲ့သောအခွန်အကောက်များ၊ လစဉ် အစီရင် ခံစာများ၊ စစ်အာဏာလုယူပြီးနောက် ဆက်လက်လုပ်ဆောင်ခဲ့သော လုပ်ငန်းများအပေါ်တွင် ဖြေရှင်းချက် တောင်းခံခြင်းနှင့် ရတနာစီမံကိန်း၏ အနာဂတ်ပေးဆောင်မှုအားလုံးသည် မြန်မာပြည်သူများ၏ အကျိုး စီးပွားအတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူလက်ခံသော အခြားငွေစာရင်းတစ်ခုသို့သာ ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးသူရထွန်းက “ဒီလိုလုပ်တဲ့လုပ်ငန်းစဉ်မှာ ကျနော်တို့နဲ့ အင်မတန်ရင်းနှီးတဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။ နောက်တစ်ခါ ကျနော်တို့အစိုးရအဆက်ဆက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ကုမ္ပဏီကို ဘာမှထိခိုက်နစ်နာလိုခြင်းလည်း မရှိပါဘူး။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေ ကို ရပ်တန့်စေလိုတဲ့ ဆန္ဒလည်းမရှိဘဲနဲ့ ကျနော်တို့ပြည်သူတွေအတွက် လုပ်သင့်လို့လုပ်ရတာဖြစ်ပါ တယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၂၀၂၂ ခုနှစ် ဧပြီလမှ ဇူလိုင်လ လေးလအတွင်း အမေရိကန် ဒေါ်လာသန်းပေါင်း ၈၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

စစ်အုပ်စုသည် နိုင်ငံခြားဝင်ငွေရရှိမှုများဖြင့် စစ်ဘက်သုံးလက်နက်များဝယ်ယူနေပြီး အရပ်သားပြည်သူ များကို သတ်ဖြတ်ခြင်း၊ ဆေးရုံနှင့်စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်သည့်အတွက် ပြည်သူ ၁.၇ သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကို လူသားချင်းစာနာသောတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကူညီသည့်အနေ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရန်ပုံငွေဖြတ်တောက်ရေးလုပ်ဆောင်ချက်များအပေါ်တွင် ဝိုင်းဝန်း ကူညီကြရန် တာဝန်ရှိသည်ဟု NUG က ဆိုသည်။

PPTEP အနေဖြင့် သတ်မှတ်ရက်အတွင်းလိုက်နာမှုမရှိပါက စင်္ကာပူနိုင်ငံရှိ အနုညာတတရားရုံးတွင် တရားဥပဒေနှင့် အညီတရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများဖြစ်ကြသည့် ရတနာ သဘာဝဓာတ် ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်းကုမ္ပဏီ၏ တရားဝင် ဝက်ဆိုက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required