သပိတ်မှောက်ခြင်း အနုပညာ(ဆောင်းပါး)

By ဦးဇင်းဂျောင်းဂျောင်း
20 March 2023
သပိတ်မှောက်ခြင်း အနုပညာ(ဆောင်းပါး)

သပိတ်မှောက် ဆိုသောစကားရပ်သည် Boycott ကိုမြန်မာမှုပြုထားသည်ဟု အမှတ်မှားနေကြသည်။ မဟုတ်ပါ။ ပါဠိစကား ပတ္တနိက္ကုဇ္ဇနကို မြန်မာလိုတည့်တည့်ပြန်ထားခြင်းဖြစ်သည်။ ပတ္တ - သပိတ်၊ နိက္ကုဇ္ဇန - မှောက်ခြင်း ဖြစ် သည်။ မူလအဓိပ္ပါယ်မှာ သံဃာနှင့်မဆက်ဆံခြင်းဖြစ်သည်။ လှူဒါန်းသည်ကိုလည်းလက်မခံ၊ တရားလည်းမပြ၊ တရားလည်းမပေး၊ သာရေးနာရေးပါ ကင်းအောင်နေကြသဖြင့် ပြစ်ဒဏ်သည် သံသရာအထိပါ ထိခိုက်ပါသည်။ 

သပိတ်မှောက်ခွင့်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဝေသာလီပြည် မဟာဝန်ကျောင်းတွင်သီတင်းသုံးနေ စဉ်က ကိုယ်တိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အကျဉ်းမျှဖော်ပြရလျှင် ထိုစဉ်က ဆွမ်းကိစ္စဆောင်ရွက်‌ပေးနေရ သော အရှင်ဒဗ္ဗအပေါ် မကျေနပ်သော ရဟန်းယုတ် မေတ္တိယဘူမဇကအုပ်စုက လစ္ဆဝီမင်းသား ဝဍ္ဎကို မြှောက်ထိုး ပင့်ကော်လုပ်ပြီး သူ့မယားနှင့်စွပ်စွဲခိုင်းရာမှစသည်။ နှစ်ဘက်ခေါ်ယူစစ်ဆေးပြီး ဝဍ္ဎက မတရားစွပ်စွဲခြင်း၊ သံဃာကို အကျိုးမဲ့စေခြင်းကြောင့် ဘုရားရှင်က “ရဟန်းတို့ သို့ဖြစ်လျှင် ဝဍ္ဎလစ္ဆဝီမင်းသားအား သပိတ်မှောက်လော့၊ သံဃာ နှင့်မဆက်ဆံခြင်းကိုပြုလော့ - ဟု(အမိန့်ချလိုက်သည်)။

တစ်ဆက်တည်းပင် ရဟန်းတို့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပသကာအား သပိတ်မှောက်ရမည်။ ထိုရှစ်ပါးထဲမှ တစ် ပါးပါးနှင့်ငြိစွန်းလျှင်ပင် သပိတ်မှောက်ကံဆောင်ခွင့်ပြုခဲ့သည်။ လည်းကောင်းတို့မှာ -

၁။ ရဟန်တို့အား လာဘ်မရစိမ့်သောငှာ အားထုတ်ထုတ်ဖြင်း၊

၂။ ရဟန်းတို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်ခြင်း။

၃။ ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်ခြင်း။

၄။ ရဟန်းတို့အား ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း။

၅။ ရဟန်းအချင်းချင်း ကွဲပြားစေခြင်း။

၆။ မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကိုပြောခြင်း။

၇။ တရား၏ ကျေးဇူးမဲ့ကို ပြောခြင်း။ 

၈။ သံဃာ၏ ကျေးဇူးမဲ့ကို ပြောခြင်း - စသည်တို့ဖြစ်သည်။ ဤအင်္ဂါရှစ်ပါးထဲမှ တစ်ပါးပါးနှင့်ပြည့်စုံနေပါက ငါဘုရား ခွင့်ပြုသည်ဟု မိန့်ဆိုခဲ့ပြီး နည်းဥပဒေပါ တစ်ပါတည်းထုတ်ပြန်ခဲ့သည်။ 

ရဟန်းတို့ ဤသို့မှောက်ရမည်။ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကိုသိစေရမည် - (အလွယ်ဆို ရသော် သပိတ်မှောက်ကမ္မဝါစာကို ချပေးခဲ့သည်)

“ အရှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဝဍ္ဎလစ္ဆဝီမင်းသားသည် မလ္လမင်း၏သား အရှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့်စွပ်စွဲ၏။ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ဖြစ်ငြားအံ့၊ သံဃာသည် ဝဍ္ဎလစ္ဆဝီမင်းသားအား သပိတ်မှောက်ရာ၏။ သံဃာနှင့်မဆက်ဆံခြင်းကို ပြုရာ၏၊ ဤကား သိစေခြင်းတည်း”

“ အရှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဝဍ္ဎလစ္ဆဝီမင်းသားသည် မလ္လမင်း၏သား အရှင်ဒဗ္ဗကို အကြောင်းမရှိဘဲ သီလပျက်စီးခြင်းဖြင့်စွပ်စွဲ၏။ သံဃာသည် ဝဍ္ဎလစ္ဆဝီမင်းသားအား သပိတ်မှောက်၏၊ သံဃာနှင့်မဆက်ဆံခြင်းကို ပြု၏။ ဝဍ္ဎလစ္ဆဝီမင်းသားအား သပိတ်မှောက်ခြင်း သံဃာနှင့်မဆက်ဆံမှုပြုလုပ်ခြင်းကို အကြင်အရှင်အား နှစ်သက်ခြင်းရှိ၏၊ ထိုအရှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင်အရှင်အား နှစ်သက်ခြင်းမရှိ၊ ထို အရှင်သည် ပြောဆိုရာ၏”

“ သံဃာသည် ဝဍ္ဎလစ္ဆဝီမင်းသားအား သပိတ်မှောက်ခြင်း၊ သံဃာနှင့်မဆက်ဆံခြင်းကို ပြုအပ်ပြီ၊ သံဃာအားနှစ် သက်ခြင်းရှိ၏၊ ထို့ကြောင့်ဆိတ်ဆိတ်နေ၏။ ဤသို့ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့်အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)” ဟု မိန့်ဆိုခဲ့သည်။ ဆိုလိုသည်မှာ ဝဍ္ဎသည်အကြောင်းတစ်စုံတစ်ရာမပြန်ကြားပါက သံဃာတော်များ သပိတ်မှောက်သည်ကို သဘောတူသည်(သို့) ဂရုမစိုက်သည့်သဘောကိုဆောင်ပါသည်။ ထို့ကြောင့် ဝဍ္ဎ သိအောင်ပြောကြားရသည်။ 

နံနက်လင်းသည်နှင့် အရှင်အာနန္ဒာသည် ဝဍ္ဎအိမ်သို့ကိုယ်တိုင်ကြွပြီး “ ငါ့ရှင် ဝဍ္ဎ သံဃာသည် သင့်အားသပိတ် မှောက်၏၊ သင်သည်သံဃာနှင့်ဆက်ဆံမှုမရှိသူဖြစ်သည်”ဟု အကြောင်းကြားခဲ့သည်။ ယခုခေတ်တွင် မီဒီယာများစွာနှင့် အိုင်တီနည်းပညာပြည့်စုံနေ၍ သပိတ်မှောက်ခံရသူထံ ကိုယ်တိုင်သွားရောက်အကြောင်းကြားစရာ မလို တော့ချေ။ လေးပါးရှိလျှင်ပင် သံဃာတော်ကိုလျှောက်ထားခြင်း အထမြောက်ပြီဖြစ်သည်။ 

ယခုအချိန်တွင် သံဃာတော်များ၏ကျောင်းများသိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ အသတ်ခံရခြင်းများ ဆက်တိုက်ဖြစ် ပေါ်နေရာ သပိတ်အင်္ဂါ ရှစ်ပါးနှင့် ချိန်ထိုးတွက်ကြည့်မိ၏။ (၁) ရဟန်းတို့အားလာဘ်မရစိမ့်သောငှါ အားထုတ်၏၊ အဖြေကားရှင်းပါသည်။ လာဘ်ရဘို့နေနေသာသာ ကျောင်းများတွင် ဝင်ရောက်တပ်ဆွဲနေ၍ လာဘ်လာဘို့ဝေးစွ ကိုယ်တိုင်တောင် ထွက်ပြေးနေရပါသည်။ (၂) ရဟန်းတို့အား အကျိုးမဲ့စေသောငှါ အားထုတ်၏။ စကစ နှင့်ပဏာရ သည့်ဆရာတော်များမှတစ်ပါး အခြားသံဃာအားလုံးကို အကျိုးမဲ့စေသည်မှာထင်ရှားပါသည်။ ယုတ်စွ ကျောင်းထိုင် ဘုန်းကြီးသည် ဓမ္မာစရိယပြီးရမည်ဆိုသည်မှာ အကျိုးမဲ့ဆောင်ရွက်ခြင်းထဲက တစ်ခုဖြစ်ပါသည်။ (၃) နေရာမရစိမ့် သောငှါအားထုတ်၏။ မိမိနေမြဲကျောင်းကိုစွန့်ခွာပြီး ဘေးကင်းရာသို့တိမ်းရှောင်နေရသော သံဃာတော်များ၊ တချို့ ထောင်ထဲ၊ တချို့တောထဲ၊ တချို့တိုင်းတပါးထိရောက်နေကြရပါပြီ။ (၄) ရဟန်းတို့ကို ဆဲရေး၏ ခြိမ်းခြောက်၏။ ဤ မျှမကတော့ပါ ကျောင်းပေါ်တက်ပစ်သတ်နေပါပြီ။ (၅) ရဟန်းအချင်းချင်းကွဲပြားစေ၏၊ သံဃာကို သင်းခွဲထားသည် မှာ အထူတလည်ပြောစရာမလိုတော့ပြီ။ (၆) မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကိုပြော၏။ ယခုအခါပြောရုံတင်မကတော့ ပါ၊ ဘုရားများလက်လိမ်ချိုးသည့်ပုံများ၊ မိမိရုပ်နှင့်တူသော ရုပ်ပွားတော်များပင်ထုလုပ်နေကြလေပြီ။ (၇) တရား၏ ကျေးဇူးမဲ့ကိုပြောခြင်း။ တရားဆိုသည်မှာ ဘုရာဟော ဓမ္မဖြစ်ရာ၊ ဓမ္မနှင့်ဆန့်ကျင်သောစကား၊ လုပ်ရပ်များမှာ မှတ်တမ်းတင်လျှင်ပင် ကုန်နိုင်ဖွင်မရှိ၊ (၈) သံဃာ၏ အကျိုးမဲ့ကိုဆိုခြင်း။ အသုံးချရသူဆိုလျှင် ဘွဲ့လက်မှတ်ဆက်ကပ်၊ အလိုမရှိသူဆိုလျှင် သင်္ကန်းဝတ်ဆိုသည်မှာ စစ်တပ်၏ ကျင့်စဉ်ပင်ဖြစ်နေပါပြီ။

အချုပ်ဆိုရသော် အင်္ဂါရှစ်ပါးလုံးနှင့်ပင်ညီနေချေပြီ၊ သို့သော်ပြည်တွင်သံဃာများ ကျောင်းကိုစွန့်ခွာ နေရာအသီးသီး မှာ တိမ်းရှောင်နေကြရသည်။ နည်းနည်းလေးလှုပ်လိုက်သည်နှင့်စစ်ကြောရေးက အရှင်ထွက် ထွက်ရသည်က နည်း လွန်းသည်။ ပြည်တွင်းမှာ သံဃအား၊ လှုပ်ရှားနိုင်မှုအား လုံးဝမရှိသလောက်ပင်။ သို့သော် ယခုနွေဦးတော်လှန်ရေးတွင် သံဃအခန်းကဏ္ဍနည်းပါးနေသည်မှာ မှန်သည်။ နည်းလမ်းရှာရပေတော့မည်။ မကြာမီ လာမည်ဟူ၍သာ မချိတင်ကဲ ကြွေးကြော်အသိပေးပါသည်။

စာတည်း-သန့်ဇော်(သန်လျင်)

#ဆောင်းပါး

#သံဃာ

#သပိတ်မှောက်ခြင်း

#အနုပညာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly