မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကိစ္စ ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ထိုင်းနှင့် အင်ဒိုနီးရှားကို သွားမည်

By State.gov
20 March 2023
မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကိစ္စ ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ ထိုင်းနှင့် အင်ဒိုနီးရှားကို သွားမည်

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးကိစ္စ အပါအဝင် ဒေသတွင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတိုင်ပင်ခံ ဒါရက်ခ် ရှိုလက်နှင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မတ်လ ၂၀ ရက်မှ ၂၄ ရက်အထိ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ခရီးစဉ်အတွင်း ဒါရက်ခ် ရှိုလက်သည် မြန်မာနိုင်ငံ၏ ပိုမိုဆိုးဝါးလာသော အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးနှင့် မြန်မာပြည်သူတို့၏ သဘောဆန္ဒများအပေါ် အခြေတည်သည့် ငြိမ်းချမ်းပြီး တရားမျှတသော ဆုံးဖြတ်ချက် ရရှိရေး ကြိုးပမ်းမှုများအပါအဝင် နှစ်နိုင်ငံဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအကြီးတန်းခေါင်းဆောင်များ၊ အရေးပါသော သက်ဆိုင်ပတ်သက်သူများနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။

ဂျကာတာတွင် ရှိုလက်သည် အင်ဒိုနီးရှားအစိုးရ၏ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံမည် ဖြစ်ပြီး အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည် ဖြစ်ကာ စီးပွားရေး၊ လုံခြုံရေးနှင့် စွမ်းအင် အစီအစဉ်များနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုအပေါ် တူညီသော ကတိကဝတ်များကို ထပ်လောင်းအတည်ပြုမည် ဖြစ်သည်။ ထို့ပြင် ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား၏ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်သလို အာဆီယံ၏ ဗဟိုကျမှု၊ လွတ်လပ်ပြီး တံခါးဖွင့်ထားသော အင်ဒို-ပစိဖိတ်ဒေသတို့နှင့်ပတ်သက်ပြီး အမေရိကန်၏ ကတိကဝတ်ကို အလေးပေးဖော်ပြမည် ဖြစ်ကာ မိတ်ဖက်ပါတနာများ၏ လုံခြုံရေးနှင့် ကြီးပွားချမ်းသာရေးအတွက် ထောက်ခံအားပေးမည်ဖြစ်သည်။

ဘန်ကောက်တွင် ရှိုလက်သည် အမေရိကန်-ထိုင်း မဟာမိတ်ဖွဲ့မှုအပေါ် အမေရိကန်၏ နက်ရှိုင်းသည့် ကတိကဝတ်ကို အလေးပေးဖော်ပြရန် ထိုင်းအစိုးရအကြီးတန်းအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သည်။ 

အာဆီယံ၏ ဗဟိုကျမှုကို ထပ်လောင်းအတည်ပြုခြင်း၊ ကျန်းမာရေးနှင့် ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်း၊ မြန်မာပြည်တွင် ငြိမ်းချမ်းမှု ရရှိစေရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် ကိစ္စရပ်အသီးသီးနှင့်ပတ်သက်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးမည် ဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံသည် အထက်ပါနှစ်နိုင်ငံစလုံးတွင် ပြည်သူအချင်းချင်း ဆက်ဆံမှုကို အားပေးမြှင့်တင်ရန်နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် ကတိပြုချက်ကို ထိန်းသိမ်းရန် နှစ်နိုင်ငံစလုံးရှိ အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် လူငယ်ခေါင်းဆောင်များနှင့်လည်း ဆက်ဆံဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required