မောတောင်-ဆင်ခွန်း နယ်စပ်ဂိတ်ဧရိယာကို ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်မည်

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 March 2023
မောတောင်-ဆင်ခွန်း နယ်စပ်ဂိတ်ဧရိယာကို ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်မည်

မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ် ကူးသန်းရောင်းဝယ်ရေး ဧရိယာအား ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်၊ ခရိုင် ဝန်ရုံးက မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်ရှိ ကြားနေဇုန် ကုန်ပစ္စည်းများဖလှယ်ရာနေရာတွင် မြန်မာဖက်ခြမ်းမှတင် သွင်းနေသည့် ရေထွက်ပစ္စည်းများမှထွက်သည့် အနံ့ဆိုးများကြောင့် ဂိတ်ကိုယာယီပိတ်ကာ သန့်ရှင်းရေး ပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း မောတောင်ဒေသခံများထံမှ သိရသည်။

“နယ်စပ်ဂိတ်ကို ယာယီ ပိတ်မယ်လို့တော့ ကြားနေရတယ်။ ဘယ်နေ့ပိတ်မယ်ဆိုတာတော့ မသိရသေး ဘူး”ဟု မောတောင်ဒေသခံတစ်ဦးက ပြောသည်။

ယင်းနယ်စပ်ဂိတ်တွင် မြိတ်ခရိုင်အတွင်းမှ ရေထွက်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်နှင့် အခြား ဒေသတွင်း ထွက်ကုန်များကို အများဆုံး တင်ပို့နေသည့် ဂိတ်လည်းဖြစ်သည်။

နယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုကြားရှိ ကုန်စည်ဖလှယ်ရာ No man's land ဇုန်၌ ကုန်တင်ယာဉ် အစီး ရေ ၅၀ ခန့်မှ နေ့စဉ်ပုံမှန်ကုန်စည်များဖလှယ်နေရာ ရေထွက်ပစ္စည်းများမှကျသော ရေနှင့် အခြားစွန့်ပစ် ပစ္စည်းနှင့် အမှိုက်များကြောင့် အနံ့များဆိုးရွားလာခြင်းဟု ဆိုသည်။

ထို့ကြောင့် ထိုင်းနယ်စပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများက ၎င်းတို့အစိုးရထံ တိုင်ကြား ခဲ့၍ ယခုကဲ့သို့ ဂိတ်ကိုယာယီပိတ်ပြီး သန့်ရှင်းရေးပြုလုပ်ရခြင်းဟု  ပရကျွပ်ခီရီခန်ခရိုင် ခရိုင်ပြန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်သည်။

မောတောင်-ဆင်ခွန်း ဂိတ်နှစ်ခုအကြားတွင် No man's land ဟု ခေါ်သော လူမနေရ ကြားနေဇုန်သည် မီတာ ၂၀၀ ခန့် ရှည်လျားကြောင်းသိရသည်။

မောတောင်-ဆင်ခွန်း (အထူးယာယီ) နယ်စပ်ဂိတ်သည် မြိတ်ဒေသထွက် ရေထွက်ကုန်များအား ထိုင်းသို့ တင်ပို့ရာတွင် နေ့ချင်းပြန်တင်ပို့နိုင်သည့်အတွက် အရေးပါသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။

စာတည်း ။ ။  Alden
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly