စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါ်ထင်ထင်ပြုလုပ်လာသော ပဲခူးတိုင်းအနောက်ခြမ်းမှ လောင်းကစားဝိုင်းများ

By ရွှေနွယ်( မဇ္ဈိမ )
20 March 2023
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါ်ထင်ထင်ပြုလုပ်လာသော ပဲခူးတိုင်းအနောက်ခြမ်းမှ လောင်းကစားဝိုင်းများ

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်အများစုတွင် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ဒေသခံ ပျူစောထီးဆိုသူများဦးဆောင်ပြီး လောင်းကစားဝိုင်းများကို အပတ်စဉ်၊ လစဉ် ပြုလုပ်လျက်ရှိကြသည်။

အဆိုပါလောင်းကစားဝိုင်းများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မျှားခေါ်လိုသည့် ရည်ရွယ်ချက် အပြင် ၎င်းတို့အတွက် ဝင်ငွေရလမ်းတစ်ခုအနေဖြင့် ပြုလုပ်နေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် လောင်းကစားဝိုင်းများ (အာဝါဒေးဝိုင်းများ)သည် အာဏာမသိမ်းမီကာလ များကပင်ရှိခဲ့သော်လည်း ထိုစဉ်က ရံဖန်ရံခါသာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ လောင်း ကစားဝိုင်းများမှာ ပေါ်ပေါ်ထင်ထင်ဖြင့် စစ်ကောင်စီတပ်သားများ၊ ရဲများ၏ အစောင့်အရှောက်နှင့်ပါ ပြုလုပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ သာယာဝတီ၊ သုံးဆယ်ဘက်မှာဆိုရင် အခု ဝိုင်းပေါင်း ၂၀ ကျော်ရှိမယ်၊ ရပ်ကွက်တစ်ခု ရွာတစ်ရွာမှာ အနည်းဆုံး တစ်ပတ်ကို သုံးရက်လေးရက်လောက်ကို လုပ်တယ်။ ဒီပွဲတွေမှာ စစ်သားတွေ ရဲတွေအများကြီး အရပ်ဝတ်တွေ သေနတ်တွေနဲ့ ရှိနေတယ်။ သူတို့ကိုယ်တိုင်လည်း ဝင်ကစားနေတယ်၊ အဓိကဦးဆောင်တာကတော့ သက်ဆိုင်ရာရွာတွေက ပျူခေါင်းဆောင်တွေပေါ့ဗျာ၊ မြို့ပြမှာ ဒါတွေလုပ်ပြီး ဆွဲချင်တာပါ အများကြီးပြင်ဆင်ထားကြတယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြော သည်။

ထိုလောင်းကစားဝိုင်းများမှ  စစ်ကောင်စီထံသို့ လစဉ် သတ်မှတ်ထားသည့်ငွေပမာဏ သိန်းနှင့်ချီပေး ဆောင်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ငွေရလမ်းတစ်ခုအနေဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်ဟုဆို သည်။

ထို့ပြင် လောင်းကစားဝိုင်းများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မျှားခေါ်လိုခြင်းဖြစ်ပြီး၊ ကာကွယ် ရေးတပ်ဖွဲ့ဘက်မှလည်း လောင်းကစားဝိုင်းများကို ထိန်းချုပ်နိုင်ရန်စီစဉ်ထားသည်များရှိသော်လည်း လက်ရှိ ပဲခူးရိုးမစစ်ရေးအခြေအနေများ၊ လက်နက်အင်အားအခြေအနေများကြောင့် အကောင်အထည် ဖော် မဆောင်ရွက်နိုင်သေးခြင်းဖြစ်ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“အဓိကက သူတို့ဘယ်လောက်လုပ်လုပ်ပါ ဒါတွေဟာ ဝင်ကစားနေတဲ့ ပြည်သူတွေလည်းရှိနေတာ ကြောင့် လည်းပါ ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒါမျိုးတွေကို အားပေးအားမြှောက်မလုပ်ကြဖို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင်လည်း လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ဆက်ကြေး ပေး၍ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

“ရွှေတောင်မှာ တမြို့နယ်လုံးအတိုင်းအတာနဲ့ဆိုရင် ရှစ်ဝိုင်းလောက် အမြဲလုပ်နေတယ်၊ တစ်ရွာမှာ တစ် ပတ်ကို နှစ်ရက်လောက်လုပ်တယ်၊ ညောင်စာရေးအုပ်စု၊ ဘယ်လက်အုပ်စု၊ ကွေ့မ၊ မမဲ၊ ကျောက်ထရံ အုပ်စု ဒီကျေးရွာအုပ်စုတွေမှာ စစ်မှုထမ်းဟောင်းတွေနဲ့ ရွာခံတချို့က ရဲနဲ့စစ်သားတွေကို တစ်ဝိုင်းကို ၃၀,၀၀၀ နှုန်းနဲ့ ဆက်ကြေးပေးပြီး လုပ်နေကြတာပါ။ အာဏာမသိမ်းခင်ကလည်း မရှိဘူးလို့မပြောလိုဘူး ရှိတယ် ဆက်ကြေးပေးရတယ်။ ဒါပေမယ့် အခုလို ဒီလောက်ဝိုင်းအများကြီးနဲ့ ဆက်တိုက်လုပ်နေတာ မဟုတ်ဘူး။ အခုက အထိန်းအကွပ်မဲ့ကို ဖြစ်နေတာပါ” ဟု ရွှေတောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ လောင်းကစားဝိုင်းများအား ဝင်ရောက်ကစားခြင်းသည် မိမိနှင့်မိသားစုအတွက်လည်း အကျိုးစီးပွား ဖြစ်ထွန်းခြင်းမရှိသကဲ့သို့ စစ်ကောင်စီထောက်တိုင်များအား အထောက်အပံ့ပြုနေခြင်းသာဖြစ်သည်ဟု အဆိုပါဒေသခံက ဆိုသည်။

မတ်လ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် မိုးညိုမြို့နယ် ရေကင်းရဲစခန်းအနီးတွင် ပျူစောထီးများ ဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းသို့ သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ (၄)၊ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးနှစ်လုံးဖြင့် အနီးကပ်ပစ်သွင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လောင်းကစားဝိုင်းအတွင်းရှိ ပျူစောထီးဆိုသူ ၁၀ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရကာ ဆေးကုသမှုခံယူ‌နေစဉ် သုံးဦး သွေးထွက်လွန်သေဆုံးသွားခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

အဆိုပါလောင်းကစားဝိုင်းသည် ကျေးရွာအုပ်ချုပ်ရေးမှူး မင်းဇော်၊ USDP ပါတီ မြို့နယ် CEC အဖွဲ့ဝင်များ နှင့် ပျူစောထီးခေါင်းဆောင်ဆိုသူ ခင်မောင်ဝင်းတို့ ဦးဆောင်ကာ စစ်ကောင်စီအားဆက်ကြေးပေး ပြုလုပ် နေခြင်းဖြစ်သောကြောင့် အရပ်သားများပြန်သွားပြီး ပျူစောထီးများ ကျန်နေသည့်အချိန်မှသာ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးညိုမြို့နယ်အတွင်းတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က မိုးညို PDF မှ သတိပေးစာထုတ်ပြန်ထားခဲ့သော်လည်း လိုက်နာခြင်းမပြုဘဲ ပိုမိုဆိုးရွားလာ သောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု မိုးညို PDF က ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းကလည်း သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ ရွှေကြို့ပင်ကျေးရွာအုပ်စု၌ပြုလုပ်သော အာဝါဒေးဝိုင်းတွင် ပျူစောထီးဆိုသူ ၅၇ ဦးအား ဦးဆောင်နေ သည့် ပျူစောထီးခေါင်းဆောင်ဆိုသူ၊ လောင်းကစားဝိုင်းတစ်ဝိုင်းလျှင် ငွေကျပ် ၁၀ သိန်း စစ်ကောင်စီကို ဆက်ကြေးပေး၍ ဦးဆောင်ကျင်းပနေသူ ကြီးမြင့်(ခေါ်) ကတုံးအား ကာကွယ်ရေးတပ်ဖွဲ့များက သေနတ် ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးအထိ ပို့ဆောင်ကုသခဲ့ရသည်။

လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ၏ အဓိက ဝင်ငွေရလမ်းကြောင်း သည် ပဲခူးရိုးမအတွင်းမှ တရားမဝင်သစ်များ ခိုးထုတ်ရောင်းချခြင်းနှင့် လောင်းကစားဝိုင်းများမှ ဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆွေမျိုးနီးစပ်တော်စပ်သူများ ဖွင့်လှစ်ထားသော အနှိပ်ခန်း(Massage)များ နှင့် KTV များမှလည်း ဝင်ငွေပုံမှန်ရနေသည်ဟု ဒေသခံများက ဆိုသည်။

“အဓိကကတော့ မြို့နယ်၊ ခရိုင်၊ တိုင်းအရာရှိတွေအကုန် ခေတ်အဆက်ဆက် လောင်းကစားဝိုင်းကရတဲ့ ပိုက်ဆံနဲ့ပဲ အသက်ဆက်ခဲ့ရတာကိုး၊ အခုနောက်ပိုင်းကတော့ ပိုဆိုးလာတာပေါ့။ တိုင်းပြည်ကလည်း ပျက်စီးသွားပြီကိုး၊ ဥပဒေစိုးမိုးရေးတွေဘာတွေ ဘာမှမရှိတော့တဲ့အတွက် ဒီလိုကိစ္စတွေကတော့ သူတို့ အနေနဲ့ အကျိုးအမြတ်ထုတ်လို့ရနေတဲ့ ကာလပေါ့ဗျာ။ ရရင် ရသလောက် သူတို့အိတ်ထဲ ထည့်ကြမှာပဲ” ဟု ပဲခူးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောင်းကစားဥပဒေအရဆိုရင် လောင်းကစားဝိုင်းတွေမှာ ဒိုင်လုပ်တဲ့သူက ငါးနှစ်၊ လောင်းကစားနေသူ က သုံးနှစ် ကျခံရနိုင်ပါတယ်။ ဒါ့အပြင် သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ လောင်းကစားဝိုင်းနဲ့ ပေ ၅၀ ပတ် လည်အတွင်းမှရှိနေတဲ့သူတိုင်းဟာ ဘာကြောင့်ဒီနေရာမှာရှိနေတာပါဆိုတဲ့ တိကျခိုင်မာတဲ့ သက်သေဖြေ ရှင်းချက်မရှိရင် သူတို့ဟာလည်း အရေးယူခံရမယ်လို့ ဥပဒေမှာပါရှိပါတယ်” ဟု ဥပဒေကျွမ်းကျင်သူ တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဥပဒေများသည် တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားများ၏ လုပ်အားများကို အလဟသကုန်ဆုံးခြင်း မဖြစ်စေရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားမဖြစ်စေရန်၊ စီးပွား ရေးနည်းလမ်းမဟုတ်သော မလျော်ကံသော နည်းလမ်းများဖြင့် ငွေရှာဖွေနေခြင်းများအား တားဆီးနိုင်ရန် ရည်ရွယ်၍ ရာဇဝတ်မှုများအဖြစ် သတ်မှတ်ကာ ဥပဒေပြဌာန်းထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့သော်လက်ရှိတွင် ရာဇဝတ်မှုဟူ၍ သတ်မှတ်ထားသော လောင်းကစားဝိုင်းများသည် ပဲခူးတိုင်း အနောက်ခြမ်းတွင်သာမက နိုင်ငံနှင့်အဝှမ်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိပြီး ဘုရားပွဲစျေးများ တွင်ပါ လူစည်ကားစေရန် ရည်ရွယ်ချက်၊ ဆက်ကြေးရရှိရန် ရည်ရွယ်ချက်များဖြင့် မသိကျိုးကျွံပြုကာ ခွင့်ပြုပေးထားသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ပေါင်းတည်မြို့နယ်တွင် သင်္ကြန်ပွဲကျင်းပနိုင်ရေးအတွက် သစ် သမားများနှင့် လောင်းကစားဝိုင်းများထံမှ ဌာနဆိုင်ရာများက ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံများ က ပြောသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly