လက်နက်ကိုင်တော်လှန်ရေးဘာ့ကြောင့်ဘယ်ဆီ

By ကိုသိမ်းမြတ်
18 March 2023
လက်နက်ကိုင်တော်လှန်ရေးဘာ့ကြောင့်ဘယ်ဆီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံအတွက် အလွန်ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။ အာဏာအပြောင်းအလဲ ၊ လူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့အတူ ပဋိပက္ခတရှိန်ထိုးမြင့်တက်လာတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပါတယ်။ မျက်စိနဲ့မမြင်နိုင်ပေမဲ့ အံ့အားသင့်လောက်အောင် သိသာထင်ရှားတဲ့ အပြောင်းအလဲတခုကတော့ အတွေးအခေါ်ပြောင်းလဲမှုပါ။ 

အာဏာမသိမ်းခင်ကဆိုရင် လက်နက်ကိုင်တော်လှန်ရေးဆိုတာ မပြောအပ်သောစကားလောက်နီးပါး လူတော်တော်များများက မှတ်ထင်ယူဆခဲ့ကြပါတယ်။ လူထုထောက်ခံမှုအများဆုံးရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်နက်ကိုင်တော်လှန်ရေးကို မဆိုထားနဲ့။ လမ်းပေါ်ထွက်ဆန္ဒပြတာကိုတောင် အားမပေးပါဘူး။ “အပ်တချောင်းကျွန်မတို့ မကိုင်ခဲ့ဘူး။ ဆန္ဒတောင်တခါမှမပြခဲ့ဖူးဘူး၊ အဖွဲ့ချုပ်အနေနဲ့၊ ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတာတောင် မလုပ်ခဲ့ဖူးဘူး” လို့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ 

စစ်ခေါင်းဆောင်တွေကို ဦးတည်တဲ့ ဆန္ဒပြကန့်ကွက်မှုပြုလုပ်သူတွေကိုတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ပျက်စီးအောင် နှောင့်ယှက်ဖျက်ဆီးသူများအဖြစ် တချို့က ရှုမြင်ခဲ့ကြပါတယ်။ စစ်ကိုင်းမြို့မြန်မာဗနီးယားသစ်ပါးလွှာစက်ရုံ အလုပ်သမားသပိတ်ခေါင်းဆောင်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ကာစမှာပဲ အဖမ်းဆီးခံခဲ့ကြရပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ လယ်သမားတွေလည်း ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှာ အဖမ်းဆီးခံခဲ့ကြရပါတယ်။ 

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ကာစမှာ အဲဒီအတွေးအခေါ်ဟာ ဆက်လက်ရှိနေသေးပုံရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နီးစပ်သူတွေထံက ၇၂ နာရီငြိမ်သက်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်ကို ကြားခဲ့ကြရပါတယ်။ 
ဒါပေမဲ့ ခဏတာငြိမ်သက်မှုနောက်မှာ မြန်မာ့သမိုင်းတလျှောက် လူထုရဲ့ အကြီးမားဆုံးဆန့်ကျင်ကန့်ကွက်မှုကို မြင်တွေ့လာရပါတယ်။ တနိုင်ငံလုံးအနှံ့အပြားတောရောမြို့မှာပါ လူထုက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်လူထုဆန္ဒပြပွဲကြီးနဲ့ ၂၀၂၁ ခုနှစ်လူထုဆန္ဒပြပွဲကြီးမှာ ဘယ်ဆန္ဒပြပွဲကပိုကြီးသလဲဆိုတာတောင် ပြောဖို့ခက်ပါတယ်။ 

အဲဒီနောက် လပိုင်းအကြာမှာ မြန်မာနိုင်ငံတလွှား လက်နက်ကိုင်တော်လှန်ရေးစတင်ဖြစ်ပွားလာပါတယ်။ ကလေး၊ ဂန့်ဂေါ၊ တမူး၊ မင်းတပ်၊ ဟားခါး၊ လွိုင်ကော်၊ ဒီးမောဆို၊ မြင်းခြံ၊ မြောင်စသည်ဖြင့် လက်နက်ကိုင်တော်လှန်ရေးဟာ တဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။ ကျေးလက်ဒေသမှာသာမကမြို့ပြပေါ်မှာပါတိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးကို ဘာ့ကြောင့်ရွေးချယ်ခဲ့ပါသလဲလို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်နဂါးကို မေးမြန်းရာမှာ “ရှင်းရှင်းလေးပြောရရင်တော့ မရွေးလို့မရတော့လို့ရွေးတာပေါ့ဗျာ။ ကျွန်တော်တို့က နိုင်ငံတခုရဲ့ ပဋိပက္ခကို ဖြေရှင်းတဲ့နေရာမှာ လက်နက်ကိုင်ပြီး ပဋိပက္ခကို ဖြေရှင်းရတဲ့ကိစ္စက ပြည်သူလူထုကိုလည်း အထိအခိုက်တွေများနိုင်တယ်။ လက်နက်ကိုင်ပြီးဖြေရှင်းရတာက ကြမ်းတမ်းတယ်။ ယဉ်ကျေးတဲ့ နိုင်ငံရေးအသွင်သဏ္ဌာန်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အသွင်သဏ္ဌာန်နဲ့ အမေစုတို့ ဦးဆောင်ပြီး တခြားနိုင်ငံရေးခေါင်းဆောင်တွေ ကြိုးစားခဲ့ကြပြီးပြီ။ မရဘူး။ တဖက်က ယုတ်မာလွန်းနေတယ်။ မေတ္တာသုတ်နဲ့ ရွတ်နေလို့ မရနိုင်တော့တဲ့အနေအထားမှာ ကျွန်တော်တို့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို ရွေးကြရတာပဲ”လို့ ဖြေပါတယ်။ 

တခြားလက်နက်ကိုင်တော်လှန်ရေးလုပ်နေသူ လူငယ်တချို့ကို မေးမြန်းရာမှာလည်း အလားတူဖြေကြပါတယ်။ မြို့ပေါ်မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြတောင်းဆိုကြရာမှာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်နှိမ်နင်းမှုတွေကို ရင်ဆိုင်ကြုံတွေ့ကြရတဲ့ အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားခင်ကလည်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေရှိနေဆဲပါ။ ဒါပေမဲ့ အာဏာသိမ်းပြီးမှ နိုင်ငံတဝန်းမှာ ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကတော့ ထင်ရှားပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးကိုတောင် ငြင်းဆန်ပြီး အာဏာထိန်းတယ်လို့ပြောခဲ့သလို အဲသလိုအာဏာထိန်းရတာကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြောင့်လို့ အပြစ်တင်ပါတယ်။ 

အာဏာသိမ်းပြီးနောက် ရုပ်မြင်သံကြားကနေ ပထမဆုံးပြောကြားတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၈ ရက်နေ့မိန့်ခွန်းမှာ နိုင်ငံရေးပါတီတွေက တပ်မတော်ကို အကူအညီတောင်းခံခဲ့တယ်လို့ပြောသွားပါတယ်။ မဲကွာခြားမှုဟာလည်း ၁၀ သန်း ၄ သိန်းကျော်ရှိတယ်လို့ဆိုပြီး အဲသလိုကွာခြားမှုကိုဖြေရှင်းမပေးလို့ အာဏာထိန်းရတယ်လို့ဆိုပါတယ်။ 

“တာဝန်ရှိသူများအနေနဲ့ အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတွေပျက်ကွက်ခဲ့တာရှိပါတယ်။ ဒါ့ကြောင့် စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ စနစ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနဲ့အညီ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်” လို့ အဲဒီမိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။ 

မဲကွာဟချက်မဖြေရှင်းလို့ အာဏာထိန်းတာဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို လက်ခံသူနည်းပါးပါတယ်။ သေချာတာတခုကတော့အာဏာမသိမ်းခဲ့ရင် အခုလိုမြေပြန့်ဒေသမှာကြီးမားတဲ့ လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်လာမှာ မဟုတ်ပါဘူး။ လူအမြောက်အမြားအသက်ဆုံးရှုံးတာတွေ၊ ရွာတွေ မီးရှို့ခံရတာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ 

“တိုင်းပြည်တပြည်မှာ လက်နက်ကိုင်တော်လှန်ရေးအထိဖြစ်တယ်ဆိုတာ အုပ်စိုးသူလူတန်းစားနဲ့ အအုပ်စိုးခံပြည်သူ လူထုပဋိပက္ခဖြစ်တာကနေစတာချည်းပဲ။ အကုန်လုံးအဲသလိုပဲ” လို့နှစ်ပေါင်းများစွာလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲ နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကဆိုပါတယ်။ 

“အခုစစ်အုပ်စုဖြစ်နေတာက သူတို့စကစကြီးတက်လာကတည်းက ပြည်သူလူထုကို ဗြောင်မပြောရုံတမည်၊ ဖွင့်မပြောရုံတမည်အပြတ်တိုက်ခိုက်ချေမှုန်းနေတာ။ အသေသတ်နေတာ။ မြို့ထဲမှာတောင်သတ်နေတာ။ မြို့ထဲမှာတောင် စစ်ခင်းတဲ့အဆင့်ရောက်ခဲ့တာ။ အရင်တုန်းကမြို့တွင်းပြောက်ကျားဆိုတာသူပုန်တွေသာလုပ်တာ။ အခုကစစ်တပ်ကိုက အဲသလိုလုပ်နေတာ။ လက်နက်မပါဘဲဆန္ဒပြနေတဲ့သူတွေကိုမြို့ပေါ်မှာလူမြင်ကွင်းမှာ ပစ်ခတ်သတ်ဖြတ်တာတွေလုပ်လို့ လက်နက်ကိုင်ပြီးတော်လှန်တဲ့လမ်းကြောင်းကိုရွေးကြတာပဲ။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာပါလို့ဆိုပါတယ်။ ဒါကလည်း အငြင်းပွားမှုသိပ်ကြီးပါတယ်။ အဲဒီအချိန်ကတည်ဆဲသမ္မတဦးဝင်းမြင့်ကိုဖမ်းချုပ်ပြီး ဒုတိယသမ္မတဦးမြင့်ဆွေကို သမ္မတခန့်လိုက်တာကိုက အခြေခံဥပဒေကို ဖောက်ဖျက်သွားပြီလို့ ဥပဒေပညာရှင်အများအပြားက စောဒကတက်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ဆိုပြီး ပြင်ဆင်မှုတချို့ကို အခုအခါစတင်ပြုလုပ်လာပါတယ်။ 

အာဆီယံတိုင်းပြည်တချို့ကရွေးကောက်ပွဲဟာ ပြည်တွင်းစစ်ကိုငြိမ်သက်အောင်လုပ်နိုင်မလားလို့ မျှော်လင့်ချက်ထားပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသူတွေအနက် အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ရွေးကောက်ပွဲကိုလက်မခံပါဘူး။ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ဦးနိုင်ထူးအောင်က ရွေးကောက်ပွဲဟာ အတုအယောင်ပဲလို့ ပြတ်ပြတ်သားသားငြင်းပယ်ပါတယ်။ 

“ဘယ်သူမှဒီရွေးကောက်ပွဲကိုလက်ခံတာမရှိပါဘူး။ ဒါအတုအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒကိုကြည့်ရင်သိသာမြင်သာနေတဲ့ အချက်ဖြစ်ပါတယ်။ စစ်ကောင်စီဟာရွေးကောက်ပွဲပြုလုပ်ဖို့ အခွင့်အာဏာလည်း မရှိပါဘူး။ သူဟာအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ဒီဟာကို (ရွေးကောက်ပွဲကို) နိုင်ငံရေးအရအသိအမှတ်မပြုပါဘူး။ ပြည်သူတွေကလည်းအသိအမှတ်မပြုဘူး။ ဒါပေမဲ့တခုတော့ရှိတယ်။ နိုင်ငံတကာက တချို့တွေမှာတော့ on paper ကိုကြည့်ပြီးတော့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်မလားဆိုပြီးစဉ်းစားနေတာကို ကျွန်တော်တို့ကြားနေရပါတယ်။ ဒါပေမဲ့ဒါဟာလည်း မြန်မာ့နိုင်ငံရေးကို အမှန်တကယ်မသိလို့သော်လည်းကောင်း၊ ဒါမှမဟုတ် စေတနာမရှိလို့သော်လည်းကောင်း ဒါတခုခုကြောင့်ပဲ ဖြစ်မယ်ဆိုတဲ့ အနေအထားပါ။ ဒါကိုလည်း ပြည်သူတွေရဲ့သဘောထားအမှန်ကို သူတို့သိရှိကြအောင်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်တာပဲဖြစ်ဖြစ်၊ မလုပ်တာပဲဖြစ်ဖြစ် ဒါဟာကျွန်တော်တို့ရဲ့ ပန်းတိုင်မဟုတ်ဘူး။ နိုင်ငံရေးထွက်ပေါက်လည်း မဟုတ်ဘူး။ နိုင်ငံရေးအဖြေလည်းမဟုတ်ဘူး။ နိုင်ငံရေးပိုမိုဆိုးဝါးသွားစေမဲ့ အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲကို ဂရုစိုက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့လက်နက်ကိုင်တိုက်ပွဲကတော့ ဒီရွေးကောက်ပွဲကြောင့် လျော့သွားစရာမရှိဘူး။”  

ရွေးကောက်ပွဲကြောင့် လက်နက်ကိုင်တော်လှန်ရေး ပြီးဆုံးသွားဖွယ်အလားအလာကို မမြင်ရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးပြောက်ကျားတွေက စစ်ကောင်စီကို ဖြုတ်ချအာဏာသိမ်းနိုင်မဲ့အခြေအနေမျိုးကိုလည်း မမြင်တွေ့ရသေးပါဘူး။ လက်နက်အင်အားမှာ စစ်ကောင်စီက သာလွန်ဆဲအနေအထားပဲရှိပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို စစ်ကောင်စီကနှိမ်နင်းအနိုင်ယူနိုင်မဲ့ အခြေအနေမျိုးကိုလည်း မမြင်တွေ့ရသေးပါဘူး။ ပြည်သူလူထုဟာ လက်နက်ကိုင်တော်လှန်ရေးဘက်ကိုထောက်ခံအားပေးနေဆဲပဲရှိပါတယ်။ ဒီတော့လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်ရဲ့ရှေ့အလားအလာဟာ ဘာလဲလို့မေးရင် ၁။ စစ်ကောင်စီက လက်နက်အင်အားသာလွန်ခြင်း၊ ၂။ ပြည်သူလူထုကလက်နက်ကိုင်တော်လှန်သူတွေကို ထောက်ခံအားပေးနေခြင်းဆိုတဲ့ ဆန့်ကျင်ဖက်အချက် နှစ်ချက်ကြောင့် စစ်ပွဲကြာလိမ့်ဦးမယ်ဆိုတဲ့ အဖြေဆီဦးတည်နေပါတယ်။ 

ဓာတ်ပုံ- AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly