မြိုင်  Well Two ရေနံမြေစခန်းကို မဟာမိတ်အဖွဲ့ ၃၀ကျော် ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ပစ်ခတ် 

By KMN (မဇ္ဈိမ)
18 March 2023
မြိုင်  Well Two ရေနံမြေစခန်းကို မဟာမိတ်အဖွဲ့ ၃၀ကျော် ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်အထိနာ၍ လေကြောင်းမှ ပစ်ခတ် 

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ Well Two ရေနံမြေစခန်းကို မတ်လ ၁၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၃၀ကျော်ကပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် (Black Leopard Army) က သတင်းထုတ်ပြန်သည်။ 

"Well Two ရေနံမြေစခန်းကို မနေ့က မနက် ၆ နာရီထဲက သွားရောက်တိုက်ခဲ့တာ။ စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်နဲ့မနက် ၈နာရီ ၅၄မိနစ်မှာ တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၅၆ မိနစ်မှာ တစ်ကြိမ်၊ ညနေ ၄ နာရီ ၁၅မိနစ်မှာ တစ်ကြိမ် သုံး ကြိမ်ပစ်ခဲ့တယ်"ဟု ကျားသစ်နက်တပ်မတော်တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူများပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းကပြော သည်။ လေကြောင်းမှလာရောက်တိုက်ခိုက်ချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များသည် စခန်းအတွင်းသို့ရောက်ရှိနေချိန်ဖြစ်၍ သက်သာရာရခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲတွင်  စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း ကျားသစ်နက်တပ်မတော်က ထုတ်ပြန်ထားသည်။ ကျဆုံးခဲ့သည်ရဲဘော်မှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ဖြစ်သည်။ 

Well Two ရေနံမြေစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၉ ရက်နေ့ကလည်း  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံအချို့အား မီးရှို့ဖျက်ဆီးခဲ့သည်။ ယခုအခါ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွင် စစ်ကိုင်းတိုင်း ကနီနှင့် ပုလဲမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။ 

Well Two ရေနံမြေစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား  ၅၀ ခန့်ရှိပြီး အခြားစစ်ကောင်စီတပ်ဖွဲ့များ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပါက တစ်ထောက်နားခြင်း၊ လက်နက်ရိက္ခာဖြည့်တင်းခြင်းနှင့် စစ်ကြောင်းတွင် အားဖြည့်လိုက်ပါခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ 

စာတည်း - မောင်ကြီး 
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required