“အနာဂတ်မှာ ရုပ်သံ မီဒီယာကို လူတစ်စုက လက်ဝါးကြီး အုပ်မသွားရလေအောင်”

“အနာဂတ်မှာ ရုပ်သံ မီဒီယာကို လူတစ်စုက လက်ဝါးကြီး အုပ်မသွားရလေအောင်”

ကိုမျိုးသန့်ရေ

အခု မတ်လ ၁၉ ရက်နဲ့ ၂၀၊ ရန်ကုန် ပါ့ခ်ရွိုင်ရယ် ဟော်တယ်မှာ DVB မာလ်တီမီဒီယာ ဂရုဖ်က ဦးဆောင်ပြီး မီဒီယာ ဥပဒေ ညီလာခံ တစ်ခု ကျင်းပနေပါတယ်။ ကျွန်တော့်ကိုလည်း အဓိက ဆွေးနွေးသူ တစ်ယောက်အဖြစ် ဖိတ်ကြားတာမို့ ကျွန်တော် အဲဒီ ဆွေးနွေးပွဲ တက်နေပါတယ်။ အစီအစဉ်က ပထမနေ့မှာ ဖွင့်ပွဲ လုပ်မယ်၊ ပြီးတာနဲ့ ခေါင်းစဉ် လေးခု၊ အုပ်စု လေးခု ခွဲပြီး အခန်း (၄) ခန်းမှာ ဆွေးနွေး ကြမယ်၊ နောက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အဲဒီ အုပ်စုလိုက် ဆွေးနွေးရရှိချက်တွေကို ပြန်ပြီး စုစည်းမယ်၊ စုစည်းရရှိချက်တွေကို စာတန်း ဒါမှမဟုတ် ကြေငြာချက် အဖြစ် ထုတ်ပြန်ပြီး လက်ရှိ လွှတ်တော်သစ်၊ နောက် တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရကို အကြံပြုချက်အဖြစ် တင်ပြသွားမယ်၊ အဲ နောက်ဆုံး အစီအစဉ်အဖြစ် ဒီ မီဒီယာဥပဒေ၊ ရုပ်သံ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒီဘိတ် တစ်ခု ရိုက်ကူးပြီး DVB က တိုက်ရိုက် ထုတ်လွှင့်သွားမယ်၊ အဲလိုမျိုးဖြစ်ပါတယ်။

အဲဒီမှာ ခေါင်းစဉ်လေးခု အဖြစ် မီဒီယာ ဥပဒေ (အထူးသဖြင့် ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေ)၊ PSB အများပြည်သူ ဝန်ဆောင်မှု ရုပ်သံ၊ ပုဂ္ဂလိက ရုပ်သံ၊ Governing Body ဆိုပြီး ခွဲခြားထားတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ Governing Body ခေါင်းစဉ်ဆွေးနွေးမှုမှာ ပါဝင်ရပါတယ်။ နောက် ဒီဘိတ် မှာ ပါဝင်ရပါတယ်။ ညီလာခံကို လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ မုံရွာဦးအောင်ရှင် နဲ့ အမတ်တွေ၊ ရှေ့နေတွေ၊ မီဒီယာ သမားတွေ၊ နိုင်ငံတကာ သံရုံးကလူတွေ၊ စာရေးဆရာတွေ အတော်လေးကို စုံစုံလင်လင် တက်တာ တွေ့ရပါတယ်။

အဖွင့်စကားပြောသူတွေထဲမှာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်လည်း ပါပါတယ်။ ဝန်ကြီး ဦးရဲထွဋ်ကတော့ သူ့အနေနဲ့ လာမယ့် အစိုးရသစ် လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ပူးပေါင်းသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း၊ ဒါပေမယ့် သူ ထင်သလို ဖြစ်မလာတဲ့အကြောင်း၊ လက်ရှိ သမ္မတ ဦးထင်ကျော်က ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဌာနကို ပို့ဆောင်ရေးနဲ့ ပေါင်းလိုက်တဲ့ သဘော တွေ့ရကြောင်း ပြောပါတယ်။

သူ့အမြင်အရတော့ နိုင်ငံတကာမှာ သတင်းအချက်အလက် နည်းပညာ တိုးတက်လာမှုကြောင့် ရုပ်သံလွှင့်နဲ့ မိုဘိုင်း/ အင်တာနက်ဆက်သွယ်ရေးဟာ ကဏ္ဍတစ်ခုခြင်း ခွဲခြားဖို့အတော်ခက်လာပါပြီ၊ ဒါ့ကြောင့် နိုင်ငံအတော်များများမှာ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေး ( Information and Communication ) ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစည်းလာတာကိုတွေ့ရကြောင်း၊ အာဆီယံဆယ်နိုင်ငံထဲမှာ ဆိုရင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့က ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးကိုဝန်ကြီးဌာနတစ်ခုတည်းအဖြစ်ပေါင်းထားတယ် လို့ ပြောပါတယ်။ သူ့ရှင်းပြချက်အရ ရုပ်သံထုတ်လွှင့်ခြင်းနဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ် တည်ဆောက်ခြင်း ဆိုတာဟာ နိုင်ငံရဲ့ အဖိုးတန် သယံဇာတ ဖြစ်တဲ့ Spectrum တွေကို ခွဲဝေသုံးစွဲရတာဖြစ်တယ်၊ ဒါကို စီမံခန့်ခွဲမှုဟာ အလွန်အရေးကြီးတာမို့ Governing Body တစ်ခုထဲ ရှိသင့်တယ် ဆိုပြီး သူ့အမြင်ကို တင်ပြတာပါ။ သူက အဖွင့်စကားပြောရာမှာ နောင်တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွက် အချက် (၉) ချက်လောက် အကြံပြု တင်ပြခဲ့တာ တွေ့ရပါတယ်။

နောက်တော့ ကျွန်တော်တို့ ခေါင်းစဉ်အလိုက် အုပ်စုလေးတွေ ခွဲပြီး ဆွေးနွေးပွဲ လုပ်ကြပါတယ်။ စောစောက ပြောခဲ့သလို ကျွန်တော်ကတော့ Governing Body ကိစ္စ ဆွေးနွေးမယ့် အုပ်စုနဲ့ပါ။ ထူးခြားတာ တစ်ခုကတော့ ကျွန်တော်တို့ အစုအဖွဲ့ထဲမှာ ထိုင်းနိုင်ငံက ဖိတ်ကြားထားတဲ့ National Broadcasting and Telecommunications Commission (NBTC) ရဲ့ ကော်မရှင်နာ တစ်ယောက်လည်း ပါပါတယ်။ ကော်မရှင်နာ ဆိုလို့ အသက်ကြီးကြီး မမှတ်ပါနဲ့။ Supinya လို့ ခေါ်တဲ့ ထိုင်းဂျာနယ်လစ်ဟောင်း မိန်းကလေး ငယ်ငယ်ချောချောလေးပါ။

ကိုမျိုးသန့်ရေ-

ဒီနေရာမှာ အလျဉ်းသင့်လို့ သူ့အကြောင်း နည်းနည်း ကြားဖြတ် ပြောပြချင်ပါတယ်။ သူ့ကို ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆုံဖူးပါတယ်။ ယူနီဆက် အစီအစဉ်နဲ့ ကျွန်တော် တို့ သင်တန်း တစ်ခု သွားတက်တာ ဖြစ်ပြီး သူက အဲဒီ သင်တန်းမှာ သူ့ ဂျာနယ်လစ် အတွေ့အကြုံကို လာရှင်းပြစဉ်ကပါ။ အဲဒီအချိန်က ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် သက်ဆင် တန်ခိုးထွားနေတုန်းပါ။ ရုပ်သံ မီဒီယာတွေကိုလည်း တစ်ခုပြီး တစ်ခု အပိုင်ဝယ်သိမ်းပြီး ထင်သလို ချယ်လှယ်ခဲ့သူပါ။ ပြောရရင် သက်ဆင်ဟာ မီဒီယာကို လက်ဝါးကြီးအုပ်ပြီး ထင်သလို ချယ်လှယ်၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ထင်သလို ဖြုတ်ပစ်တာ လုပ်ပါတယ်။ အဲဒီ အလုပ်ဖြုတ်ခံရသူထဲမှာ Supinya ကျွန်တော့်အခေါ် “ဆုပန်ကလျာ”လည်း ပါသွားပါတယ်။ သူကတော့ အဲလို မတရား လုပ်တာကို ငုံ့ခံ မနေပါဘူး။ သက်ဆင်ကို တရားစွဲပါတယ်။ သူ့ကို ဂျာနယ်လစ်တွေ၊ မီဒီယာ သမားတွေက ထောက်ခံ အားပေး၊ သက်သေတွေ လိုက်ပေးပါတယ်။ သူလည်း သက်ဆင်ကို တရားစွဲလို့ အတော်လေးကို နာမည်ကြီးသွားပါတယ်။ နောက်ဆုံးတော့ သူ အမှုနိုင်ပါတယ်။ ကျွန်တော်ကတော့ သူ့အကြာင်း၊ သူနဲ့ အင်တာဗျူး စုစုပေါင်း ဆောင်းပါး နှစ်ပုဒ် ပြည်တွင်း ဂျာနယ်တစ်စောင်မှာ သူ့ပုံနဲ့ တကွ ရေးသား ဖော်ပြခဲ့ဖူးပါတယ်။ ကြာတော့ ကြာခဲ့ပါပြီ။

အစုအဖွဲ့ ဆွေးနွေးပွဲမှာ သူက ထိုင်းနိုင်ငံက ရုပ်သံလွှင့်မီဒီယာ အကြောင်းတွေ၊ ဥပဒေဆိုင်ရာ အကြောင်းတွေ၊ ရုပ်သံ လုပ်ငန်းတွေနဲ့ မိုဘိုင်း အသံလွှင့် လုပ်ငန်းတွေကို သူတို့ NBTC က ဘယ်လို ကြီးကြပ်သလဲ ဆိုတဲ့ အကြောင်းတွေ၊ နည်းပညာအရ ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာတွေ အသေးစိတ် ရှင်းပြတယ်။ ကျွန်တော်တို့ကလည်း စိတ်ဝင်စားတယ်။ အခုဆိုရင် ကျွန်တော်တို့ဆီမှာ အပြောင်းအလဲတွေဖြစ်၊ ရုပ်သံ ဥပဒေတွေ ပေါ်ပေါက်၊ ပုဂ္ဂလိက ရုပ်သံ လုပ်ငန်းတွေလည်း ထူထောင်လာကြတော့မယ့် အချိန်။

ဒီအချိန်မှာ အရင် စစ်အစိုးရ လက်ထက်ကတည်းက အခွင့်ထူးရထားသူတွေ ရှိနေတယ်၊ အစိုးရ ပြန်ကြားရေးနဲ့ တပ်မတော် လက်ထဲမှာ ရုပ်သံ ထုတ်လွှင့်တဲ့ လုပ်ငန်းတွေလည်း ရှိနေတယ်၊ အခု အားလုံးကို လုပ်ကိုင်ခွင့် ပြုတော့မယ် ဆိုတဲ့အခါ အရင် နေရာဦး၊ အခွင့်ထူးရယူထားသူတွေ၊ နောက်မှ ငွေထုတ်အကြီးကြီး ပိုက်ပြီး ဝင်လာမယ့်သူတွေက ဒီ ရုပ်သံနဲ့ မီဒီယာ လုပ်ငန်းကြီးကို လက်ဝါးကြီးအုပ် မသွားရလေအောင်၊ မျှတတဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာအောင်၊ အထူးသဖြင့် ပြည်သူလူထု အကျိုးဖြစ်အောင် ဥပဒေကြောင်း၊ စည်းကမ်းကြောင်း ပြန်ပြီး သုံးသပ်ရတော့မှာမို့ ဒီ ညီလာခံ လုပ်ရတာ ဖြစ်နေလို့ပါ။ စဉ်းစားကြည့်ရင် ရုပ်သံ မီဒီယာဆိုတာ အတော့်ကို စွမ်းအားကြီးပါတယ်။ စီးပွားရေး ကိစ္စ သက်သက်တင်မက နိုင်ငံရေး အရလည်း အရေးကြီးတာကြောင့် ဒီ လုပ်ငန်းတွေ ပုဂ္ဂလိက အပါအဝင် အားလုံးကို လုပ်ကိုင်ခွင့်ပြုရေးမှာ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် ကောင်းတဲ့ ရလာဒ်တွေ ပေါ်ပေါက်လာစေဖို့ ဝိုင်းကြိုးစားကြရမှာ မဟုတ်လားဗျာ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly