စစ်ပွဲများအောင်မြင်ရေးအတွက် နည်းပညာကဲ့သို့ အရင်းအမြစ်များကို ပိုမိုအသုံးပြုရန် တရုတ်သမ္မတ တိုက်တွန်း

By Times of India
18 March 2023
စစ်ပွဲများအောင်မြင်ရေးအတွက် နည်းပညာကဲ့သို့ အရင်းအမြစ်များကို ပိုမိုအသုံးပြုရန် တရုတ်သမ္မတ တိုက်တွန်း

တရုတ်စစ်တပ်ကို ခိုင်မာအားကောင်းစေပြီး စစ်ပွဲများကို အနိုင်ရရေးအတွက် နည်းပညာ၊ ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်းစဉ်နှင့် နိုင်ငံတော်အရင်းမြစ်များကဲ့သို့သော ကာကွယ်ရေးအရင်းအမြစ်များ အားကောင်းရေး လိုအပ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

ရှီသည် တရုတ်၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က သမ္မတအဖြစ် တရားဝင် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

ပေါင်းစပ်ဗျူဟာမြောက် စွမ်းရည်များကို စုစည်းပြီး မြှင့်တင်ခြင်းသည် အာဏာရကွန်မြူနစ်ပါတီက ချမှတ်ထားသော လိုအပ်ချက်အသစ်ဖြစ်ကြောင်း ရှီက ပါလီမန်နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်စစ်တပ်နှင့် စစ်ရဲကိုယ်စားလှယ်များကို ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ခဲ့သည်။

ပါတီက ဦးဆောင်ပြီး အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း စစ်စိမ်းရောင်ယူနီဖောင်းဝတ်ဆင်ထားသည့် ရှီက ၎င်း၏ စစ်တပ်အား သတိပေးခဲ့သည်။

ရှီသည် ၂၀၂၂ ခုနှစ်တွင် ပါတီအကြီးအကဲအဖြစ် တတိယမြောက်သက်တမ်းကို ရယူခဲ့သည်။ စစ်တပ်ကို အားကောင်းစေပြီး စစ်ပွဲများကို အနိုင်ယူရန် နိုင်ငံအနေဖြင့် ကာကွယ်ရေးသိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းကို ပိုမို ကောင်းမွန်စွာ အသုံးပြုရန် လိုအပ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်က ပြည်ပနိုင်ငံများကို မမှီခိုရရေးအတွက် ကာကွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို အရှိန်မြှင့်ရန် နိုင်ငံတော်ဓာတ်ခွဲခန်းဌာနများကိုလည်း မှာကြားခဲ့သည်။ 

စက်မှုလုပ်ငန်းကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များသည် ပိုမိုခံနိုင်ရည်ရှိရမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ ပိုမိုတည်ဆောက်ရေးနှင့် ကာကွယ်ရေးရည်ရွယ်ချက်များအတွက် နိုင်ငံတော်အရန်ရင်းမြစ် များ ထူထောင်ရေးတို့ကိုလည်း တောင်းဆိုခဲ့သည်။

စစ်ရေးအရ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် မဟာဗျူဟာအန္တရာယ်များကိုမူ ရှီက မဖော်ပြခဲ့ပေ။

တရုတ်အစိုးရအဖွဲ့က မတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ စာရွက်စာတမ်းသည်  သိပ္ပံနှင့်နည်းပညာဆိုင်ရာ အောင်မြင်မှုများရရှိရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အရင်းအမြစ်များအပေါ်  ပြန်လည်အလေးထား လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required