လူထုဆန္ဒနဲ့ထပ်တူမကျနိုင်တဲ့ တရုတ်ရဲ့ခြေလှမ်း (ဆောင်းပါး)

By (ဓားရိုင်း) 
17 March 2023
လူထုဆန္ဒနဲ့ထပ်တူမကျနိုင်တဲ့ တရုတ်ရဲ့ခြေလှမ်း (ဆောင်းပါး)
Photo - Google

မြန်မာ့အရေးမှာ တရုတ်ခြေလှမ်းတွေကို ခပ်စိတ်စိတ် တွေ့လာရပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒို နီးရှားဖြစ်လာပြီးနောက်ပိုင်း တရုတ်က အာဆီယံ မူ ၅ ချက်ကို ထောက်ခံကြောင်းပြောလာခဲ့သလို မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေကိုလည်း တစ်ပြိုင်တည်းလုပ်လာတာတွေ့ရပါတယ်။ တရုတ်ထိပ်တန်းအရာရှိတွေဟာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံခဲ့သလို အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအစောပိုင်းမှာပဲ တရုတ်သံအမတ်ကြီး ချန်ဟိုင်း ဟာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ ပြင်ဆင် မှုတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ် သံအမတ်ကြီးက ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ဝန်းကျင်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း မေးမြန်း ခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဖော်ပြခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ တရုတ်သံအမတ်ကြီးတို့ရဲ့တွေ့ဆုံမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက ပထမအကြိမ်တွေ့ဆုံထားခဲ့ တာလည်းဖြစ်ပါတယ်။ အခုတစ်ကြိမ်တွေ့ဆုံရာမှာ မြန်မာနိုင်ငံ နိုင်ငံရေးပါတီများဆိုင်ရာ တရုတ် ကောင်စစ်ဝန် လင်းတောင် ပါဝင်လာခဲ့တာကတော့ ထူးခြားနေပါတယ်။ တရုတ်ကောင်စစ်ဝန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စစ်ကောင်စီလက်အောက်ခံ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆီသွားရောက်ခဲ့ပြီး ကြံ့ဖွံ့ပါတီနဲ့ တရုတ်ကွန်မြူနစ်ပါတီ ကြား ခိုင်မာတဲ့ဆက်ဆံရေးရှိဖို့ တောင်းဆိုခဲ့ဖူးတာဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာလူထုထောက်ခံမှု အများဆုံးရထားတဲ့ NLD ပါတီကို စစ်ကောင်စီကဖျက်သိမ်းမှာမလိုလားကြောင်းပြောထားသလို တစ်ဖက်မှာလည်း စစ်တပ်ကျောထောက်နောက်ခံရထားတဲ့ ကြံ့ဖွံ့ပါတီနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို အားပေးထောက်ခံမယ့် အရိပ်အယောင်တွေပြသထားတာဖြစ်ပါတယ်။ လတ်တလောမှာ စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးလမ်းနှစ်သွယ်နဲ့ သွားနေတာကို တွေ့ရပါတယ်။ နိုင်ငံတကာအမြင်မှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲပြင်ဆင်နိုင်ဖို့အတွက် ဒေသတွင်းတည်ငြိမ်ရေးကို လုပ်ဆောင်နေ သယောင်ပြထားပြီး ကျန်တစ်ဖက်မှာ နွေဦးတော်လှန်ရေးအင်အားစုတွေကို ခြေမှုန်းရေး အရှိန်မြှင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းမယ့် နိုင်ငံရေးပါတီတွေရဲ့ ပြင်ဆင်မှုတွေကလည်း တဖြည်းဖြည်း တိုးလာနေတာဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီကပြန်လည်ပြင်ဆင်ပြီးထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ ပါတီ မှတ်ပုံတင်ပြန်လျှောက်တဲ့ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်အထိရှိလာနေပြီ ဖြစ်ပါတယ်။ လတ်တလောမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မကြေညာသေးပေမယ့် သန်းခေါင်စာရင်းကိုအခြေခံပြီး မဲဆန္ဒရှင်စာရင်းကို ပြင်ဆင်သွားမယ်လို့တော့ ဆိုထားပါတယ်။ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း လာမယ့်နှစ် အောက်တိုဘာလမှာ သန်းခေါင်စာရင်း ပြန်ကောက်ဦး မယ်လို့ ဆိုနေပါတယ်။ ဒါတွေကိုကြည့်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူတချို့ကတော့ စစ်ကောင်စီအနေ နဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းအထိ ရွေးကောက်ပွဲအတွက် စီစဉ်ထားတာ မရှိနိုင်ဘူးလို့ ယူဆချက်တွေ ရှိနေရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ နေ့မြင် ညပျောက် ဆိုတာထက်တောင် အလှည့်အပြောင်းမြန်ဆန်လွန်းတာကြောင့် စစ်ကောင်စီ ရွှေ့နေတဲ့အကွက်တွေကို အမြင်နဲ့ ဆုံးဖြတ်ဖို့ဆိုတာကတော့ ခက်ပါတယ်။  

လတ်တလောသိသာထင်ရှားတဲ့အရွေ့တစ်ခုကတော့ တရုတ်ထိပ်တန်းအရာရှိတွေရဲ့ နေတော်ပြည်ခရီးစဉ်တွေဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းတွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းဟာ မတ် ၆ ရက်မှာ နေပြည်တော်ကိုရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့တာ တွေ့ရပါတယ်။ မစ္စတာ တိန့်ရှီကျွန်းဟာ နေပြည်တော်ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် တို့နဲ့တွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အကူအညီပေးနေမှု ၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးရေး ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေ၊ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍပေါင်းစုံ မြှင့်တင်ဖို့ဆောင်ရွက်မှု အပါအဝင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံရာမှာလည်း တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေမှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတို့ကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ တရုတ်ဘက်က အပြုသဘောကူညီမယ့် ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုထားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင်တရုတ်အနေနဲ့ မြန်မာ့နိုင်ငံရေးလမ်းကြောင်း ပေါ်မှာ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပြန်လည်ပါဝင်လာဖို့ သေချာသလောက်ရှိနေတယ်လို့ ထင်မိပါတယ်။ အခုလို တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေ၊ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှုက ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ တရုတ်အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးမကြာခင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ ပထမဆုံးအကြိမ် မိတ်ဆက်တဲ့သဘောတွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်စေဖို့အတွက် တိုက်ပွဲမဖြစ်ရေး တိုက်တွန်းခဲ့ဖူးတာပါ။ အဲဒီနောက် ဖေဖော်ဝါရီလ အတွင်း ဒုတိယအကြိမ်တွေ့ဆုံမှုမှာလည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ကြားမှာ စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေကိုထောက်ပြသွားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုက်တွန်းထားခဲ့ ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသူတချို့ကတော့ တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ကူးလူးဆက်ဆံနေတာဟာ EAOs အဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာဖို့အပြင် တရုတ်စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့အတွက်ဖြစ်တယ်လို့ သုံးသပ်ထားကြတာ တွေ့ရပါတယ်။ ဒါကလည်း အများကြီးဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကအများဆုံး ဖြစ်ပြီး နောက်ထပ်အစမပျိုးရသေးတဲ့ စီမံကိန်းတွေလည်းရှိနေသေးတာဖြစ်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု( ISP Myanmar )ကဖော်ပြတဲ့ အချက်အလက်တွေအရတော့ မြောက်ပိုင်း EAOs အဖွဲ့တွေရဲ့ ဒေသတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တရုတ် စီမံကိန်း တွေဖြစ်တဲ့ ကန်ပိုက်တီ-ထိန်ချုံး နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ချင်းရွှေဟော်-လင်ချန်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံတံတား တည်ဆောက်ရေး၊ ရွှေလီ-မန္တလေး မီးရထားလမ်း တည်ဆောက်ရေး၊ “ဝ” တလုံး ဥမင်လှိုင်ခေါင်း စီမံကိန်း၊ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့ တည်ဆောက်ဖို့ လျာထား တယ်လို့ဆိုပါတယ်။ တရုတ်အနေနဲ့ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် မြောက်ပိုင်းအဖွဲ့တွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့လိုအပ်သလို စစ်ကောင်စီရဲ့နိုင်ငံရေးကစားပွဲကို အကူအညီပေးနိုင်ဖို့လည်းလိုအပ် နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ နေပြည်တော်ကို  ချောင်းပေါက်မတတ်ခရီးဆက်နေခဲ့တာလို့ ထင်မိပါတယ်။ အထူးသဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် ဘက်က ခြေလှမ်းစလာချိန်မှာ တရုတ်ထိပ်တန်းအရာရှိတွေရဲ့ နည်းမျိုးစုံနဲ့ မြန်မာနိုင်ငံဘက်ကို ခြေဦးပြန်လှည့် လာခဲ့တာက တိုက်ဆိုင်မှုဆိုတာထက်တော့ ပိုနေတာသေချာပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီကို မျက်စေ့စုံမှိတ်ထောက်ခံပြီး မြန်မာပြည်မှာ ခြေကုပ်ယူဖို့ကြိုးစားလာတဲ့ အိန္ဒိယရဲ့ခြေလှမ်းတွေ ကိုလည်း တရုတ်တို့ထည့်တွက်လာပုံရပါတယ်။ တရုတ်တို့အနေနဲ့ အာဆီယံ မူ ၅ ချက်ကိုထောက်ခံကြောင်း အတိ အလင်းပြောထားပေမယ့် လက်တွေ့မှာ မူ ၅ ချက်ထဲက အရေးကြီးဆုံးအချက်ဖြစ်တဲ့ သက်ဆိုင် သူအားလုံးပါဝင် ရေးနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးကိုတော့ ခြေလှမ်းတောင် မပြင်ရသေးတာ တွေ့ရပါတယ်။ နွေဦးတော် လှန်ရေးအင်အားစုတွေကို လက်ရှိအချိန်ထိ အသိအမှတ်မပြုသေးဘဲ စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေကိုသာ တွေ့ဆုံနေခဲ့တာဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာ့အရေးဘက်ကိုခြေဦးလှည့်လာတဲ့ တရုတ်ရဲ့နိုင်ငံရေး လမ်းကြောင်းဟာ မြန်မာပြည်သူတွေဆန္ဒနဲ့ ထပ်တူကျမယ့်လမ်းကြောင်းမျိုး မဖြစ်နိုင်ဘူးလို့ ထင်မြင်မိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly