ကြံခင်းမြို့နယ်တွင် "တော်လှန်ရေးအတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်အသင့်" စာတန်းကိုင်စွဲ ဆန္ဒပြ 

By မင်းထက် (မဇ္စျိမ)
17 March 2023
ကြံခင်းမြို့နယ်တွင် "တော်လှန်ရေးအတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်အသင့်" စာတန်းကိုင်စွဲ ဆန္ဒပြ 

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်တစ်ဦးမှ "တော်လှန်ရေးအတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်အသင့်" စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။ 

"တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတစ်ဦးချင်းစီကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့သပိတ်ကိုလုပ်တာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အသက်ကို အဓိကမထားဘဲ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ တော်လှန်ရေးမှာပါဝင်နေတယ်ဆိုတာကို ကမ္ဘာကသိအောင် ဆန္ဒထုတ်ဖော်တာလည်းဖြစ်ပါတယ်" ဟု ဆိုသည်။ 

၎င်းတို့ သပိတ်ကော်မတီအနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် သပိတ်များကို ကြံခင်းမြို့နယ်အတွင်း ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ဧရာဝတီပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအပေါ် သွေးအေးမနေဘဲ နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်အား တော်လှန်ကြရန်တိုက်တွန်းသည်ဟု ဆက်လက်ပြောသည်။ 

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၂၃) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required