ကန်ပက်လက်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများက ၈မိုင်ကျော်ရှည်သောကိုယ်ထူကိုယ် ထလမ်းဖောက်လုပ်ဖွင့်လှစ် 

By ပါခွီး 
17 March 2023
ကန်ပက်လက်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများက ၈မိုင်ကျော်ရှည်သောကိုယ်ထူကိုယ် ထလမ်းဖောက်လုပ်ဖွင့်လှစ် 

မဇ္စျိမ ။။ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ   ရှစ်မိုင်နှစ်ဖာလုံအရှည်ရှိသော ကိုယ်ထူကိုယ်ထလမ်း ဖောက်လုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

မုန်းချောင်းအရှေ့ဖက်ခြမ်းနှင့်အနောက်ဖက်ခြမ်းကို ဆက်သွယ်ထားပြီး ကန်ပက်လက်မှ မင်းတပ်သို့သွားနိုင်မည့်လမ်းအား ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“ဒေသတွင်း ကုန်စည်သယ်ဆောင်ရတာ ပိုမြန်လာမယ်။အရေးပေါ်ကျန်းမာရေးကိစ္စတွေမှာ ဆေးရုံဆေးခန်းတွေအမြန်ပို့နိုင်မယ်။ စစ်ဆင်ရေးကိစ္စတွေ ပိုအဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန်ပက်လက်)သတင်းပြန်ကြားရေးတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ 

ကန်ပက်လက်မြို့နယ်၏ အရှေ့နှင့်အနောက်ဘက်ခြမ်းကို အဓိကဆက်သွယ်ထားသည့် ကျင်ဒွေးလမ်းပိုင်းကို စစ်ကောင်စီတပ်မှ ဟန့်တားပိတ်ဆို့ထားမှုကြောင့် ပြည်သူများ သွားလာရေးနှင့်စားဝတ်နေရေး အပြင်လူမှုရေးအခက်အခဲများ ကြုံတွေ့နေရ သည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး  ယင်းအခက်အခဲများပြေလည်စေရန် ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန်ပက်လက်)က ဆိုသည်။ 

အဆိုပါလမ်းပိုင်းသည် ပလက်ဝ၊မင်းတပ်၊ကန်ပက်လက်မြို့နယ်၊ ဒိုင်ဒေသနှင့် ဥု(ပ်)ပူးဒေသမှပြည်သူများအတွက် သွားလာရေးလွယ်ကူစေသည်ဟု ဆိုသည်။ 

လမ်းဖောက်လုပ်ပြီးစီးရန် အချိန်လေးလခန့်ယူခဲ့ရပြီး ဘဏ္ဍာငွေ လုံလောက် မှုမရှိသည့်အတွက် လုပ်ငန်းရပ်နားခဲ့ရခြင်းများလည်းရှိပြီး ပေးဆပ်ရန်အကြွေးအချို့ရှိ‌နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန်ပက်လက်) ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ယခုကဲ့သို့ ကိုယ်ထူကိုယ်ထကားလမ်းသစ်ဖောက်လုပ်နိုင်ခဲ့ခြင်းမှာ ဒေသခံပြည်သူများ၏ ငွေကြေးနှင့် လုပ်အားပါဝင်မှု၊ပြည်ပရောက်နေသူများ၏ဖေးမကူညီမှုနှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဟုဆိုသည်။ 

ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ရက်နေ့တွင် ကျင်းပခဲ့ပြီး ကန်ပက်လက်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တာဝန်ရှိသူများ၊ ချင်းအမျိုးသားတပ်မတော်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။ 

ကန်ပက်လက်ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပညာရေး၊ကျန်းမာရေး၊ခေါ်နူးစုမ်ထိန်းသိမ်းရေးအပြင် CDM ဝန်ထမ်းများ၏ အခန်းကဏ္ဍများကို ကျစ်ကျစ်လစ်လစ်ဖြင့် ဆက်လက်အကောင် အထည် ဖော်လုပ်ကိုင်သွားမည်ဟုဆိုသည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required