ပေါက်ခေါင်းမြို့လယ်က ဖောက်ခွဲမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံ အမျိုးသား ၆ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

By ရွှေနွယ်
17 March 2023
ပေါက်ခေါင်းမြို့လယ်က ဖောက်ခွဲမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံ အမျိုးသား ၆ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

(မဇ္ဈိမ)။  ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု တစ်ခုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော အမျိုးသား ခြောက်ဦးကို စစ်ကောင်စီတပ်က အကြမ်းဖက်မှု ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သော ပေါက်ခေါင်းမြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးပေါက်ကွဲမှုနှင့် ဆက်စပ်ကာ အမျိုးသား ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ထိုအမျိုးသား ခြောက်ဦးကို မတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် ဥပဒေပုဒ်မများဖြစ်သော ပုဒ်မ-၅၂ (က)၊ ပုဒ်မ-(၅၀) ၊ ပုဒ်မ-၅၀/ဈ တို့ဖြင့် အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ်မှ တစ်သက် တစ်ကျွန်းအထိ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း တစ်ဦးချင်းစီအလိုက် ထောင်ဒဏ်ချမှတ်ခံရသည့် နှစ်အရေအတွက် အသေးစိတ်ကို မသိရသေးပေ။

ဖမ်းဆီးခံရသူများမှာ CDM ကျောင်းဆရာ ကိုအောင်သက်ပိုင်၊ ကိုထွန်းလွင်၊ ကိုကျော်ကိုကို၊ ကိုဇော်မျိုးဟိန်း၊ ကိုတရုတ်ကြီးနှင့် ကိုရန်နောင်စိုးတို့ ဖြစ်သည်။

၎င်းတို့အားလုံးသည် ဖေဖော်ဝါရီလအတွင်းက မိမိနေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးမှုကို ခံလိုက်ကြရခြင်း ဖြစ်သည်။

"ဖေဖော်ဝါရီလအတွင်းမှာ အဖမ်းခံလိုက်ရတယ်၊ ဖမ်းပြီးတဲ့နောက်မှာလည်း သူတို့ရဲ့နေအိမ်တွေ ဆိုင်တွေကို ချိပ်လာပိတ်သွားတာရှိတယ်၊ အခု ကိုထွန်းလွင်ကိုဆို ခုနစ်နှစ်၊ ကျန်တဲ့ ဇေကြီးတို့ ကျောင်းဆရာတို့ကိုလည်း လွတ်ရက်မရှိ နှစ်ရှည်ချတယ်ကြားတယ်၊ ထောင်ဒဏ်ကတော့ အကုန်လုံးကို အကြမ်းဖက် ပုဒ်မတွေနဲ့ လွတ်ရက်မရှိ ချလိုက်ပြီးပြီလို့ သိထားရတယ် ” ဟု ပေါက်ခေါင်းမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပေါက်ခေါင်းမြို့လယ်၌ ဖောက်ခွဲမှုကို ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Bago Region PDF မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခု နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများသည် သာမန်အရပ်သားများဖြစ်ပြီး စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးကာ ထောာင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) ၊ တပ်ခွဲ (၅) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

"အဖမ်းခံလိုက်ရတာက အရပ်သားတွေပါဗျ၊ ဒီလိုထောင်ဒဏ်တွေချမှတ်ခံလိုက်ရတယ်ဆိုတော့ စိတ်မကောင်းပါဘူး၊ ဒါက သူတို့(စစ်ကောင်စီတပ်များ) အလုပ်ကလည်း ပေါက်ကွဲမှုဖြစ်ပြီဆိုရင် အနီးအနားမှာရှိတဲ့ သူတွေကိုဖမ်းဆီး ငွေညှစ်တာ ညှဥ်းပမ်းနှိပ်စက်တာက အကျင့်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ထိုထဲတွင် ပဲခူးတိုင်းမှ မြို့နယ် ငါးခုပါဝင်သည်။

ထို့နောက် စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်တစ်ရက် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့ထိ နှစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးချုပ်နှောင် ခံထားရသူ စုစုပေါင်း ၁၆,၅၁၉ ဦးရှိပြီး ၎င်းတို့အနက်မှ ၅,၀၈၇ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရ ကြောင်း AAPP က ထုတ်ပြန်ထားသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly