မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားသမ္မတပြော

မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အင်ဒိုနီးရှားသမ္မတပြော

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေချိန်အတွင်း မြန်မာနိုင်ငံရေးပြဿနာများ ကို ဖြေရှင်းနိုင်စေဖို့အတွက် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်အားကြီးတိုင်းပြည်တွေကြား ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ငြိမ်းချမ်းသော ဒေသ တစ်ခုဖြစ်ဖို့နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် ကြားခံတစ်ခု မဖြစ်အောင် အာဆီယံအဖွဲ့က ဆက်လက် ကြိုး ပမ်းမယ်လို့ The Straits Times သတင်းစာနဲ့ အင်တာဗျူးတစ်ခုအတွင်း ဂျိုကိုဝီက ပြောပါတယ်။

မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်ကြာမြင့်မှာဖြစ်ပေမယ့် ဒီနှစ် အာဆီယံဥက္ကဌအနေနဲ့ မြန် မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာဖို့ အစွမ်းကုန် ကြိုးပမ်းမယ်လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့အတွက် ဉီးစားပေးလုပ်ငန်းမှာ မြန်မာနိုင်ငံ သဘောတူခဲ့တဲ့ ငြိမ်းချမ်း ရေးအစီအစဉ် ဖော်ဆောင်ရေးဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ကြိုးပမ်းရာ အင်ဒိုနီးရှားဟာ လူသိရှင်ကြားလုပ်ဆောင်တာထက် တိတ်ဆိတ်ငြိမ်သက်တဲ့ သံတမန်ရေးနည်းလမ်း quiet diplomacy မျိုး နဲ့ ချဉ်းကပ်လုပ်ဆောင်နေတယ်လို့လည်း သုံးသပ်မှုများ ရှိနေပါတယ်။ 

ဂျိုကိုဝီက "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်အောင် ကူညီပေးနေတယ်။ နောက်ကွယ်ကနေ အလုပ်တွေ အများကြီးလုပ်နေပါတယ်။ ဒါပေမယ့်လည်း အချို့အလုပ်တွေက ဆက်လက်လုပ်ဆောင်သွားရဦးမှာ ဖြစ်တယ်" လို့ ပြောပါတယ်။

အာဆီယံဒေသကို ငြိမ်းချမ်းတဲ့ဒေသမျိုးဖြစ်အောင်လုပ်ဆောင်ဖို့ ပစ်မှတ်ထားနေတယ်လို့လည်း အင်ဒိုနီးရှားသမ္မတ က ပြောပါတယ်။ 

အင်ဒိုနီးရှားသမ္မတက ခက်ခဲရှုပ်ထွေးတဲ့ကိစ္စများကို ဖြေရှင်းဖို့ကြိုးပမ်းရာမှာ လူအများမြင်ကွင်းကနေ အဝေးမှာ နေထိုင်လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်မှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ် ချကာ အာဏာသိမ်းယူပြီးနောက် အာဆီယံအဖွဲ့က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရာမှာ မြန်မာစစ်အာဏာရှင်တွေကို တွန်းအားပေးဖို့ အင်ဒိုနီးရှား၊ အခြားအာရှတိုင်းပြည်တွေအပြင် ကုလသမဂ္ဂလိုမျိုး မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းကလည်း  ပြောကြားလိုက်ပါတယ်။

အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံပြီးနောက် လီရှန်လွန်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

စင်ကာပူ အနေနဲ့အင်ဒိုနီးရှားရော၊အာဆီယံအသိုက်အဝန်းအပြင် ကုလသမဂ္ဂလိုမျိုး လက်တွဲဖော် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည် ဖော်နိုင်အောင် တွန်းအားပေးသွားမယ်လို့ လီက ဆိုပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required