ရွေးကောက်ခံအမတ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု နိုင်ငံတကာပါလီမန်များညီလာခံမှာတင်ပြခဲ့

ရွေးကောက်ခံအမတ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု နိုင်ငံတကာပါလီမန်များညီလာခံမှာတင်ပြခဲ့

မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များတွေရဲ့ အခြေအနေတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေအပေါ် ခြိမ်းခြောက်ဖမ်းဆီးတာ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသိမ်းယူတာ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရမှုများကို နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာကိုယ် စားလှယ်အဖွဲ့က တင်ပြခဲ့ပါတယ်။

ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက်အခဲကြောင့် သေဆုံးခဲ့ကြသူ တွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း တင်ပြခဲ့ပါတယ်လို့သိရပါတယ်။

မတ်လ ၁၁ရက်ကနေ ၁၅ရက်နေ့အထိ ၅ရက်ကြာ ဘာရိန်းနိုင်ငံ၊ မနားမားမြို့မှာ ကျင်းပတဲ့ (၁၄၆) ကြိမ် မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒေါက်တာဝင်းမြင့်အေးဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က လေ့လာသူအဖြစ် တက်ရောက်နေတာပါ။

မတ်လ ၁၄ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကနေ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦးလည်း ဖမ်းဆီးခံထားရဆဲ အကြောင်း နိုင်ငံတကာပါလီမန်များအစည်းအဝေးမှာ တင်ပြခဲ့တယ်လို့သိရပါတယ်။

အဲဒါအပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က မတ်လ ၁၅ရက်နေ့မှာတော့ ကိုရီးယား၊ ပြင်သစ်၊ ဆွီဒင်၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အ‌ခြေအနေ တွေကို ရှင်းလင်းပြောဆိုခဲ့သလို ဆက်လက်နှစ်ဖက်ပူးပေါင်းလုပ်ဆောင်နိုင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ ကြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်သော အကြမ်းဖက်မှုများကြားမှ မြန်မာနိုင်ငံမှာ  ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေမှုများ၊ အားလုံးပါဝင်နိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများမှာ ကမ္ဘာတစ်ဝန်းမှ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့ကျတဲ့ ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးရန် အတွက်လည်း တောင်းဆိုတိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required