ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ပေးရန် တာလီဘန်အစိုးရ တောင်းဆို 

By Tolo News
17 March 2023
ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုခွင့်ပေးရန် တာလီဘန်အစိုးရ တောင်းဆို 

အာဖဂန်နစ္စတန်နိုင်ငံအတွက် ကုလသမဂ္ဂတွင်  သံအမတ်နေရာ ပြန်လည်ပေးအပ်ရန် အာဖဂန် အိမ်စောင့်အစိုးရက တောင်းဆိုထားသည်။ 

အာဖဂန်တွင် တာလီဘန်များ အာဏာရလာသည်မှာ ၁၉ လကျော်ရှိပြီ ဖြစ်သော်လည်း ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖြစ် လက်ရှိတွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှ  စစ်သံမှူးဖြစ်သော ကုလသမဂ္ဂဆိုင်ရာအာဖဂန် ဒုသံအမတ်ကြီးဟောင်းက တာဝန်ယူထားသည်။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့မှ စစ်သံမှူး နီဆာအာမက်ဖိတ်သည် အာဖဂန်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် အိမ်စောင့်အစိုးရအား  နေရာပေးသင့်ကြောင်း တာလီဘန် အကြီးအကဲများ၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီအူလာမူဂျာဟစ်က ပြောကြားခဲ့သည်။

“ကုလမှာ အာဖဂန်နစ္စတန်နေရာနဲ့ ပတ်သက်ရင် ကိုယ်စားပြုခွင့်ရဖို့က ကျွန်တော်တို့ရဲ့ အခွင့်အရေးပါ။ ထို့ပြင် အမေရိကန်က ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေဟာလည်း  အာဖဂန်ပြည်သူတွေနဲ့ သက်ဆိုင်ပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။
ကာတာနိုင်ငံ နိုင်ငံရေးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဆူဟေးလ် ရှာဟင်းန်ကို  ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်၏ သံအမတ်အဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တာလီဘန် အကြီးအကဲက  ခန့်အပ်ခဲ့သည်။
“နိုင်ငံမှာ တာလီဘန်တွေ အုပ်ချုပ်နေတာကြောင့် ကုလသမဂ္ဂမှာ အာဖဂန်နစ္စတန်ရဲ့ နေရာကို တာလီဘန်တွေထံ လွှဲပြောင်းပေးသင့်ပါတယ်။ တာလီဘန်တွေက မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပေးရင် ကုလသမဂ္ဂက တာလီဘန်တွေကို နေရာပေးပါလိမ့်မယ် ” ဟု သံတမန်ဟောင်း အဇစ်မာရာဂျ်က ပြောကြားခဲ့သည်။

“ကုလမှာ အာဖဂန်နစ္စတန်ကို အသိအမှတ်ပြုဖို့ တရားဝင် အခြေအနေတွေ ရှိတယ်။ အမျိုးသမီးတွေရဲ့ အလုပ်နဲ့ ပညာရေး အပါအဝင် ရပိုင်ခွင့်တွေဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကုလသမဂ္ဂက အာဖဂန်နစ္စတန်ကို အသိအမှတ် ပြုနိုင်စေဖို့ အာဖဂန်နစ္စတန်မှာ အဆိုပါအချက်တွေကို အကောင်အထည်ဖော်သင့်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တိုရက် ဖာဟဒီက ပြောကြားခဲ့သည်။

အမျိုးသမီးများအား တက္ကသိုလ်များနှင့် ကျောင်းများသို့ ပြန်လည် ဝင်ရောက်ခွင့်မပေးမချင်း ကုလတွင် အာဖဂန်နစ္စတန်ကိုယ်စားပြုနေရာရရေးနှင့် အမေရိကန်ထိန်းချုပ်ထားသော အာဖဂန်ပိုင်ဆိုင်မှုပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သောမတ်စ်ဝက်စ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly