သမိုင်းဝင်ခရီးစဉ်တစ်ရပ်အဖြစ် အမေရိကန်သမ္မတအိုဘားမား ကျူးဘားသို့ သွားရောက်

သမိုင်းဝင်ခရီးစဉ်တစ်ရပ်အဖြစ် အမေရိကန်သမ္မတအိုဘားမား ကျူးဘားသို့ သွားရောက်

ဟာဗားနား၊ မတ်၊ ၂၀ ။                ။ အမေရိကန်သမ္မတအိုဘားမားသည် သမိုင်းဝင်အလည်အပတ်ခရီးစဉ်တစ်ရပ်အဖြစ်နှင့် ကျူးဘားနိုင်ငံသို့ မတ်လ၊ ၂၀ ရက်နေ့တွင် အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သည်။

၂ ရက်တာကြာမြင့်မည့် အဆိုပါအလည်အပတ်ခရီးစဉ်သည် ၈၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတစ်ဦး ကျူးဘားနိုင်ငံသို့သွားရောက်သည့် အလည်အပတ်ခရီးစဉ်ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရရှိခဲ့သည့် သဘောတူညီမှုများမှတဆင့် ယခုကဲ့သို့ သမိုင်းဝင် အလည်အပတ်ခရီးစဉ်   ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

အိုဘားမားရောက်ရှိလာမည့် တနင်္ဂနွေနေ့တွင် ဟာဗားနားမြို့လမ်းမများထက်တွင် လူအများအပြားက အိုဘားမားကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ   စောင့်ဆိုင်းနေကြသည်ကို   တွေ့ရသည်။

အိုဘားမားသည် ကျူးဘားနှင့် သံတမန်နည်းအရ ပြန်လည်ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ရီပတ်ဗလစ်ကန်အမတ်များ၏ ကန့်ကွက်မှုများရှိနေသည့်ကြားမှာ ကျူးဘားနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေး နှင့် ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများကို ဖြေလျှော့ပေးခဲ့သည်။

သို့ရာတွင် အမေရိကန်နှင့် ကျူးဘား နှစ်နိုင်ငံအကြားတွင် ညှိနှိုင်းမရသေးသော ပြဿနာများလည်း ကျန်ရှိနေသေးရာ ဂွမ်တာနာမိုတွင် အမေရိကန်ရေတပ်စစ်စခန်းတစ်ခု ဆက်လက်ဖွင့်လှစ်ထားရှိမှုကို ကျူးဘားကို စောဒကတက်လျက်ရှိ သလို အမေရိကန်တို့ကလည်း အစိုးရဆန့်ကျင်ရေးနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး ရေဒီယိုလိုင်းများ နှင့် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်ခွင့်ပေးရေးအတွက် ကျူးဘားအစိုးရကို တွန်းအားပေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly