ရခိုင်က စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရန် အခက်အခဲ ရှိနေ 

By သူသူဇော် (မဇ္ဈိမ)
16 March 2023
ရခိုင်က စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရန် အခက်အခဲ ရှိနေ 

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအား နေရပ်ပြန်ကြရန် အာဏာသိမ်း စစ်ကောင်စီက မကြာခဏ ပြောဆိုနေသော်လည်း လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည်များအနေဖြင့် နေရပ်ပြန်ရန် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း စစ်ရှောင်များက မဇ္ဈိမကို ပြောသည်။ 

ဒုက္ခသည် အများစုသည် ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က စခန်းချ တပ်စွဲထားခြင်းနှင့် စစ်လက်ကျန် မြေမြှုပ်မိုင်းရှင်းလင်းမှုများ မလုပ်ဆောင်ပေးနိုင်သေးသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

ယင်းကြောင့် ကျေးရွာအနီးအနားက တပ်စခန်းများ ရုပ်သိမ်းပေးရန်၊ မိုင်းရှင်းလင်းပေးရန်နှင့် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ထောက်ပံ့ကြေးများပေးရန် စစ်ကောင်စီကို ဒုက္ခသည်များက တောင်းဆိုထားသည်။ 

“ဝန်ကြီးတွေနဲ့ လာတဲ့နေ့ကတော့ နေရပ်ပြန်ချင်ရင် ပြန်လို့ရပြီပေါ့၊ နေရပ်ပြန်တဲ့ သူတွေကို ရိက္ခာသုံးလထောက်ပံ့မယ်၊ ပြီးတော့ ငွေ ခြောက်သိန်း ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်၊ ကျမတို့က မိုင်းရှင်းလင်းရေးတွေ ၊ကျေးရွာအနီးအနားတွေမှာ တပ်စခန်းချထားတာတွေကို ပြန်ရုပ်သိမ်းပေးဖို့၊ လုပ်ကိုင်စားသောက်နိုင်ဖို့ အတွက်ကိုလည်း ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တာရှိပါတယ်” ဟု ဘူးသီးတောင် မြို့နယ် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ရခိုင်မြောက်ပိုင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့်  ဘူးသီးတောင် စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းခိုင်းပြီး စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေခြင်း ဖြစ်သည်။ 

နေရပ်ပြန်ချင်သော်လည်း နှစ်နှစ်နီးပါးကြာ ပြင်းထန်ခဲ့သော စစ်ပွဲအတွင်း ပျက်စီးသွားသည့် နေအိမ်ကို ပြန်ပြုရန် အခက်အခဲ ရှိနေသည်ဟု ကျောက်တော် မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

“ကျနော်တို့ ပြန်သွားရင် တိုက်ပွဲပြန်ဖြစ်မဖြစ်နိုင်ကို သေချာမသိနိုင်ဘူး၊ နောက် တစ်ခုက သူတို့ မိုင်းရှင်းလင်းပေးထားတာလည်း မရှိဘူး။ စားဝတ်နေရေးအတွက် ကျနော်တို့ စားဝတ်နေရေးကလည်း သုံးလလောက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ နေအိမ်တွေကလည်း ပြန်ပြင်ရတော့မယ်၊ ခုက မိုးကလည်း ရောက်တော့မယ်ဆိုတော့ ကျနော်တို့ ပြန်ဖို့က အခက်အခဲတွေ ရှိနေတာပါပဲ” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်အနေဖြင့်  လုံခြုံရေးအာမခံချက် မပေးနိုင်ဘဲ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းခြင်းသည် ပြည်သူလူထုကို ပိုမိုခက်ခဲအောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပသည် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ 

“လက်ရှိမှာ မြန်မာစစ်တပ်က စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ငွေအချို့ပေးပြီးတော့ ပြည်သူတွေ ဆန္ဒမပါဘဲ အတင်းအဓမ္မ နေရပ်ပြန်ဖို့ ဖိအားပေးဆောင်ရွက်နေတာတွေ ရှိပါတယ်။ ပြည်သူလုံခြုံမှုနဲ့ အေးချမ်းရေးကို အာမခံချက်မပေးနိုင်ဘဲ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ခိုင်းတာက ပြည်သူတွေကို ပိုပြီးတော့ အခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်၊ ” ဟု ဦးခိုင်သုခက ပြောသည်။ 

ယင်းအပြင် ရခိုင်ပြည်နယ်၏ အနေအထားမှာလည်း အာမခံအချက်ရှိပြီး တည်ငြိမ်မူရှိနေသည့် အနေအထား မဟုတ်ကြောင်းနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်အင်းအား ဖြည့်တင်းမှုများ ဆက်ရှိနေကြောင်းလည်း ဦးခိုင်သုခက ပြောသည်။ 

စစ်ဘေး ဒုက္ခသည်များအား နေရပ်ပြန်ခိုင်းမှုအပေါ် လက်ရှိဆောာင်ရွက်နေမှုများအား သိရှိရန် ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို မဇ္ဈိမက တယ်လီဖုန်းမှတစ်ဆင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။ 

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ နှစ်နှစ်နီးပါးကြာ ပြင်းထန်ခဲ့သော တိုက်ပွဲအတွင်း ဒေသခံ နှစ်သိန်းခန့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်။ 

ယင်းနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အပစ်အခတ်များ ယာယီရပ်စဲခဲ့သော စစ်အေးကာလအတွင်း စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်သွားကြသော်လည်း အချို့မှာ နေရပ်မပြန်နိုင်သေးပေ။ 

၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ရက္ခိုင့်တပ်တော် (AA) နှင့်အာဏာသိမ်း စစ်တပ်တို့အကြား ရခိုင်မြောက်ပိုင်းတွင် လေးလကြာ တစ်ကျော့ပြန်ပြင်းထန်ခဲ့ပြီး စစ်ရှောင်အချို့ ထပ်ရှိလာခဲ့ရာ လက်ရှိမှာ နေရပ်မပြန်နိုင်သေးသည့် ဒုက္ခသည် ၇၀,၀၀၀ ခန့် ရှိနေသေးကြောင်း သိရသည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly