စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ကျူးလွန်ခဲ့ကြောင်း NUG ထုတ်ပြန် 

By မေဘယ်လ်သူ (မဇ္ဈိမ)
16 March 2023
စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ကျူးလွန်ခဲ့ကြောင်း NUG ထုတ်ပြန် 
အသတ်ခံရသည့် တာတိုင်ကျေးရွာမှဒေသခံများ၏ ရုပ်အလောင်းများကို မတ်လ ၂ ရက်နေ့မြင်တွေ့ရစဉ်။

အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံးတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ကျူးလွန်ခဲ့ပြီး ၇၆၆ ယောက်အသတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

၂ဝ၂၁ ခုနစ် ဇူလိုင်လမှ ၂ဝ၂၃ ခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သားငါးယောက်နဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများကို ဖော်ပြထားခြင်းဖြစ်ကြောင်း ဆိုသည်။ 

အဆိုပါသတ်ဖြတ်မှုများကို စစ်ကောင်စီက ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စသည့် တိုင်းနှင့် ပြည်နယ်များတွင် ကျူးလွန်ခဲ့ခြင်းဟု သိရသည်။ 

၂ဝ၂၁ ဇူလိုင် ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ယင်းရွာမှ အရပ်သား ၃၄ ယောက် ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုမှာ ပထမဆုံးဖြစ်ပြီး၊ ၂ဝ၂၁ ခုနစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကိုးကြိမ် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၄၇ ယောက် အသတ်ခံခဲ့ရသည်။ 

၂ဝ၂၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၅၁၅ ယောက် သေဆုံးခဲ့သကဲ့သို့ ၂ဝ၂၃ ခုနှစ် နှစ်လကျော်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၁ ကြိမ် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၀၃ ယောက် အသတ်ခံခဲ့ရကြောင်း NUG စာရင်းများတွင် ဖော်ပြထားသည်။ 

ယင်းစာရင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈၀ ဦးခန့်သေဆုံးခဲ့ခြင်းများ ပါဝင်နေသည်။ 

ထို့အပြင် ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် ဒေသခံ ၁၇ ဦးထက်မနည်း ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းများလည်း ပါဝင်ကြောင်းဆိုသည်။ 

စစ်ရာဇဝတ်မှုကျူးလွန်သည်မှာမြင်သာသော်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း အနေဖြင့် စစ်ကောင်စီတပ်မှ အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်ခြင်းမျိုး မလုပ်ဖူးကြောင်း သတင်း မီဒီယာများကို ငြင်းဆိုလေ့ရှိသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly