ခေတ်ကတောင်းဆိုလာတဲ့ အညာသားလူငယ်တွေရဲ့ အိပ်မက် 

By ချမ်းငြိမ်း
16 March 2023
ခေတ်ကတောင်းဆိုလာတဲ့ အညာသားလူငယ်တွေရဲ့ အိပ်မက် 

ရာသီက ဆောင်းအကုန်၊ နွေဦး။ လွမ်းချင်ရက်လက်တို့ရာသီ။ စိတ်ပင်ပန်းနေသူအဖို့တော့ ရူးချင်လောက်အောင် နွေဦး၏ လေရူးများက တိုးဝှေ့ကျီ စယ်နေသည်။တော်လှန်ရေးရဲဘော်သော့ချက် တယောက်ထိုင်နေသည့်  လယ်တလင်းဘေးမှ လက်ပံ ပင်ကြီးကလည်း ဟိုးယခင် ‌နွေဦးအခင်းအကျင်းအတိုင်း ရိုးရာမပျက် အပွင့်တွေ ပွင့်စပြုနေပြီ။ 

နွေရူးမှာ လေရူးတိုက်သည်ဆိုသလို တခါတရံ ခပ်ပြင်းပြင်းတိုက်ခတ်လာသော လေအရှိန်ကြောင့် လက်ပံပွင့်နှင့် ရွက်ခြောက်တွေက မြေပြင်ပေါ် တဖြုတ်ဖြုတ်‌ ‌ကြွေကျနေသည်။ဟိုးအဝေးဆီမှာ လှမ်းမြင်နေရသော ထနောင်းပင်တန်းကလည်း  အညာနွေကို ပိုပြီးပီပြင်‌စေသည်ထင်၏။ပင်စည်နှင့်ကိုင်းရိုးပြတ်သာ ကျန်တော့လောက်အောက် ရွက်ခြောက်တို့ကြွေကျနေသည်။လက်ပံပင်ပေါ် က ဆက်ရက်အုပ် ၏  အသံကလည်း ပတ်ဝန်းကျင်တခွင်၏ ဆိတ်ငြိမ်မှုကို တမင် ဖြိုခွင်းနေသည့်အလား ဆူညံပွက်လော‌ ရိုက်နေပြန်သည်။လက်ပံပင်အောက် ‌‌ခြေပစ်လက်ပစ်ထိုင်ရင်း  လယ်တလင်းဘက်ကို လှမ်းငေးနေသည့်သော့ချက်၏ ရင်ထဲတွင်လည်း လက်ပံပင်ဆက်ရက်ကျသလို ရှုပ်ယှက်ခတ်ပူလောင်နေသည်။ 

ရဲဘော်သော့ချက်၏ ရှေ့မလှမ်းမကမ်းမှ လယ်တလင်းအတွင်း တံစဉ်ကိုယ်စီကိုင်ထားသည့် သူ့ရဲဘော်ရဲဘက်များက စပါးပင်များကို မမောတမ်းရိတ်နေကြသည်။ စုစုပေါင်း ၂၀ဦး။စပါးရိတ်နေသော်လည်း လယ်သမားနှင့်နည်းနည်းမှ မတူကြ။ အချို့က ကွန်မန်ဒိုဝတ်စုံနှင့်။ အချို့က ချည်ထည်လက်ရှည်။ ကမ္ဘာကျော်မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းဝတ်စုံ ဝတ်ထားသူတယောက်လည်း ပါသည်။ ကျောဘက်တွင် သေနတ်များလွယ်ထားသည်။ ဖုန်တွေ ပေပွနေသည့် သူတို့၏ ဆိုင်ကယ်များက လယ်ကွင်းဘေးသစ်ပင်အောက်တွင် တန်းစီရပ်ထားသည်။ ဆိုင်ကယ်သော့များက တန်းလန်း။ အခန့်မသင့်ရင် ဒီနေရာမှ အမြန်တိမ်းရှောင်ဖို့ အသင့်ပြင်ထားကြရသည်ဟုဆိုသည်။ အကယ်၍များ ခွေးတပ်ဟုသူတို့ခေါ်ကြသည့် စစ်ကောင်စီစစ်ကြောင်းက ရဲဘော်သော့ချက်တို့ရှိရာဘက်ကို ရောက်လာပါက လယ်တလင်းသည် စစ်တလင်းလည်း ဖြစ်သွားနိုင်သည်ဟုဆိုသည်။ ယခုကတော့ ရဲဘော်သော့ချက်တို့ သူငယ်ချင်းတသိုက်က  ပတ်ဝန်းကျင်ကို နားစွင့်ရင်း လယ်တလင်းထဲ စပါးရိတ်ခြင်းဖြင့် ‌လုပ်အားခရှာဖွေနေကြရသည်။ 

ဒီ‌နေ့အတွက် သော့ချက်တို့အဖွဲ့ တယောက်လျင် စပါးရိတ်ခ ငါးထောင်ကျပ်ရမည်ဖြစ်၍ စုစု ပေါင်း နေ့တွက်လုပ်အားခ တစ်သိန်းကျပ်ရမည်။ လေးသောင်းကို လိုအပ်သည့် ရိက္ခာဝယ်မည်။ နှစ်သောင်းက ဆိုင်ကယ်ဆီဖိုး၊ ကျန် လေးသောင်းက စုရမည်။။ ငွေစုရမည့်အကြောင်းတွေးမိသောအခါ ရဲဘော်သော့ချက်တယောက် စိတ်တွေ ပိုရှုပ်ထွေးလာသည်။ 

ဟိုးယခင်ကဆိုလျှင် ယခုလို နွေဦးကာလ သီးနှံများ ရိတ်သိမ်းချိန် ငွေမြိုးမြိုးမြက်မြက်ဝင်ပြီဆို နောက် ဆုံးပေါ် ဆိုင်ကယ်အကောင်းစားတစီးဝယ်ပေးရန် မိဖများကို နားပူနားဆာလုပ်ခဲ့သည်။ကျပ်သိန်း ၃၀မှ ၅၀ကြားတန်ကြေးရှိသော ဆိုင်ကယ်တစီးမဟုတ် တစီးကိုလည်းမိဖများက ဝယ်ပေးခဲ့သည်ပင်။ သော့ ချက်တို့လို အညာသားတောင်သူလယ်သမား၊ တက္ကသိုလ်ကျောင်းသားလူငယ်အများစု၏ နှစ်စဉ်ရာသီ‌ပေါ်အိပ်မက်က ဆိုင်ကယ်ကောင်းကောင်းတစီး စီးနိုင်ရေးဖြစ်သည်။ ဒီနှစ်တွင်မတော့ ဟိုးယခင်နှစ်များနှင့် မတူတော့။ ရဲဘော်သော့ချက် ဆိုင်ကယ် မလိုချင်တော့ပါ။ သူ့လို အညာသားတော်လှန်ရေးလူငယ်တယောက်အတွက် ယခု အလိုအပ်ဆုံးမှာရန်သူစစ်ကောင်စီတပ်ဖွဲ့ကို  စိတ်တိုင်းကျပစ်ခတ်ချေမှုန်းနိုင်သော သေနတ်တလက်ဟု ရဲဘော်သော့ ချက်က ဆိုလာသည်။ ထိုသေနတ်ရရေးအတွက်ပင် နေ့နေ့ညည သူ ကြိုးစားခဲ့သည်။ 

" ပွဲတိုးပြီးသား AK 47 တလက် ကျွန်တော် အကြွေးနဲ့ဝယ်လိုက်တယ်။တိုက်ပွဲဝင်နေရင်းကပဲ ဒီအကြွေး ပြန်ဆပ်နိုင်ဖို့  ကြိုးစားနေပါတယ်။ ဒီနေ့ နေ့စားခနဲ့ စပါးလာရိတ်တာလည်း အကြွေးဆပ်နိုင်ဖို့ပါပဲ " ဟု ရဲဘော်သော့ချက်က ဆိုသည်။ 

ရဲဘော်သော့ချက်သည် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့အခြေစိုက်၊ အဖြူရောင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ - DPY အဖြူရောင်မှ ပြည်သူ့ကာကွယ် ရေးရဲဘော်တဦးဖြစ်သည်။ ၂၀၂၁ ရှေ့ကာလက သူသည်  ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားကြီးဖြစ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသွားသည့်အခါ နိုင်ငံနှင့်အဝန်း စစ်အာဏာရှင်ဆန့်ကျင်သူလူထုအတွင်း သော့ချက်တယောက်လည်းပါဝင်ခဲ့သည်။ဆန္ဒပြခြင်းက တော်လှန်ရေးအတွက် အဖြေမဟုတ်ဟု နားလည်လာချိန်တွင် ဒေသတွင်းအခြားလူငယ်များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ 

"ခွေးရူးနဲ့ထိပ်တိုက်တိုးရင် မေတ္တာသုတ်က အရေးမပါ‌တော့ဘူး။ဝါးရင်းတုတ်နဲ့မှရမှာ"ဟုသူကဆိုသည်။ 

လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးနောက် ရဲ ဘော်သော့ချက်တယောက် PDF သင်တန်းကို သူ၏ နေအိမ်မှ နေ့ချင်းပြန်တက်ခဲ့သည်။ ထို့နောက် ၂၀၂၁ခုနှစ် ဇွန်လတွင် အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကို ထူထောင်လိုက်ကြသည်။ စစ်အာဏာရှင်အားဖြိုချမည့် အညာဒေသ၏ တော်လှန်ရေးအင်အားစုအင်ဂျင်ကို မောင်းနှင်ရာတွင် သူသည်လည်း ‌အသုံးဝင်ရမည်သူသော ခံယူချက်ဖြင့် သူ့တော်လှန်ရေးအမည်ကို သော့ချက်ဟု ပေးလိုက်သည်။ 

ဒီပဲယင်းနယ်အတွင်းစစ်ကြောင်းထိုးလာသည် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။သေနတ်မရှိ၍ လက်လုပ်တူမီး သေနတ်များ ကြံဆတီထွင်ခဲ့ကြသည်။ တော်လှန်ရေးကနဦးအစတွင် လေးခွဖြင့်ပင် ပစ်ခတ်ခဲ့ရဖူးသည်ဟု ရဲဘော်သော့ချက်ကဆိုသည်။ တော်လှန်ရေးအရှိန်ရလာသည်နှင့်အမျှ  သေနတ်အစစ်ပိုလိုအပ်လာသည်။ လပေါင်းများစွာအကြာတွင် ရဲဘော်သော့ချက်တို့လက်ထဲ၌ သေနတ်တလက်မှသည် ငါးလက်အထိ ပိုင်ဆိုင်လာခဲ့သည်။တလက်က မြို့နယ်ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ကပေးခြင်းဖြစ်သည်။ လေးလက်က တဖြည်းဖြည်းချင်းဝယ်ယူစုဆောင်းခဲ့ရသည်ဟုဆိုသည်။ သူတို့အဖွဲ့တွင် အဖွဲ့ဝင် ၄၀ မကရှိပြီး သေနတ်အစစ်က ငါးလက်သာရှ်ိသည်။ 

လက်နက်စွဲကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၂၀၂၁ မိုးဦးကာလမှ ယခု ၂၀၂၃ နွေဦးအထိ နှစ်နှစ်နီးပါးကာလအတွင်း ရဲဘော် သော့ချက်နှင့် သူငယ်ချင်းများက တိုက်ပွဲအလီလီတိုက်ခဲ့ပြီးပြီ။ရဲဘော်ရဲဘက်နှစ်ဦးလည်း ကျဆုံးခဲ့ပြီးပြီ။ တိုက်ပွဲဝင်ရင်း  ရဲဘော်သော့ချက်နားလည်လာသည်က သူတို့ ဒီအတိုင်း ရှေ့ဆက်ရန် မဖြစ်နိုင်တော့။ရန်သူစစ်ကောင်စီတပ်ဖွဲ့ကို အမြစ်ဖြတ်သုတ်သင်နိုင်ဖို့ သေနတ်တွေပိုလိုအပ်နေသည်။လတ်တလော လက်ထဲရှိနေသည့် သေနတ်ဖြင့်သာ ဆက်တိုက်နေရပါက တော်လှန်ရေးအဓွန့် ရှည်နေအုံးမည်။ တော်လှန်ရေးအဓွန့်ရှည်နေပါက အညာပိုနာမည်။ တိုင်းပြည်ပိုနာမည်။ ထို့အတွက် သူတို့အရေးတကြီး လိုအပ်လာတာက ပေမီထောင့်မီသေနတ်များဖြစ်သည်ဟုဆိုသည်။ 

သေနတ်အစစ်မရှိသည့်အတွက် ကြုံတွေ့ခဲ့ရသည့် အန္တရာယ်များကလည်း ရဲဘော်သော့ချက်တို့ကို ကျောချမ်းစေခဲ့ဖူးပြီ။သေနတ်မရှိ၍ အသက်ဘေးမှ သီသီလေးလွတ်ခဲ့သည့်ဖြစ်ရပ်ကို သော့ချက်တယောက် ဘယ်တော့မှ မမေ့။ ထို့နေ့က  မြို့နယ် ပကဖအဖွဲ့မှ လူကြီးများနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့် နေရာသို့ သွားရာတွင် ဒီပဲယင်းမြို့နယ် တနေရာ၌ စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးခဲ့သည်။စစ်ကောင်စီတပ်သားများကအရပ်ဝတ်ဖြင့် လာနေသည်ကို မြင်တွေ့နေရပြီး ပစ်ခတ်ရန် သေနတ်ထုတ်နေချိန် ထွက်ပြေးခဲ့ကြရသည်။ 

'' ကျွန်တော်တို့မှာသာ သေနတ်အစစ်တလက်ပါခဲ့ရင်ဗျာ ကျွန်တော်တို့က လက်ဦးမှုရမှာ။အခုတော့ အသက်မသေအောင်ကို ပြေးခဲ့ရတယ်။ ကျွန်‌တော်
ဆိုဗျာ၊ ခြေထောက်အရေခွံလန်သွားတာ။ အဲ့ဒီအနာ ကြီးနဲ့ကို လွတ်အောင်ပြေးခဲ့ရတယ် 'ဟု ဆိုသည်။ 

ထိုအတွေ့အကြုံများကပင် သူကိုယ်တိုင် သေနတ်ကောင်းကောင်းတလက် လက်ဝယ်ပိုင်ပိုင်ရရေးနှင့် တပ်ဖွဲ့အတွက် သေနတ်အလုံအလောက်ရရှိရေးက ရဲဘော်သော့ချက်၏အကြီးမားဆုံးအိမ်မက်ဖြစ်လာသည်။ထို့‌ ကြောင့် မြန်မာငွေ ကျပ်သိန်း၂၃၀ပေါက်ဈေးရှိသော  သေနတ်တလက်ကို အကြွေးနှင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။ 

" သေနတ်လာရောင်းသူကို စားပွဲတင် ရှင်းရတာ။တခါတည်းရှင်းရတာ။ပါကင်ဆို ၂၅၀ အနည်းဆုံး။ ဒါ က ပွဲတိုးပြီးသားမို့ ၂၃၀နဲ့ ရတာ။အားလုံးစုတာသိန်း ၁၄၀ပဲရှိလို့ လိုတဲ့ သိန်း၉၀ကို ချေးယူပြီး ဝယ်တာ။ နှစ်လအတွင်း ပြန်ဆပ်ရမယ်" 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်က ဝယ်ခဲ့ခြင်းဖြစ်၍ လာမည့် ဧပြီလတွင် အကြွေးပြန်ဆပ်ရမည်။ဝင်ငွေမရှိသော တော်လှန်ရေးရဲဘော်ဘဝတွင် ‌အကြွေးတင်သွားခဲ့ရသည့် အခြေအနေကို စိတ်ပင်ပန်းနေဟန်ဖြင့် ရဲဘော်သော့ချက်က ရင်ဖွင့်သည်။ 

ရဲဘော်သော့ချက်တို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိုသေနတ်ကို လွယ်ရင်း တိုက်ပွဲတိုက်နေသလို သေနတ်ဖိုးအကြွေးဆပ်ရန် စပါးခင်းကို နေ့စားခယူပြီးရိတ်သိမ်း‌ခြင်း၊ ပျိုးနှုတ်ချိန်တွင် ပျိုးနှုတ်ခြင်းဖြင့် ငွေစုနေကြရသည်။ 

" အကုန်လုံးက ဒုက္ခရောက်နေတော့ ကျွန်တော့်မိဖတွေကလည်း မုန့်ဖိုးမပေးနိုင်တော့ဘူး။ ဒါကြောင့် အလုပ်လုပ်ပြီး ရှာနေကြရတယ်" ဟု ဆိုသည်။ 

စစ်ကောင်စီကို ပိုင်ပိုင်နိုင်နိုင်သုတ်သင်ရှင်းလင်းရေးအတွက် သေနတ်ကောင်းကောင်းပိုင်ဆိုင်လိုသည်မှာ ရဲဘော်သော့ချက်တို့လို တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသော အညာသားလူငယ်အားလုံး၏ အိပ် မက်လည်း ဖြစ်သည်။ယင်းမာပင်မြို့မှ လူငယ်တော် လှန်ရေးသမား ကိုလင်္ကာကလည်း သေနတ်ကောင်းကောင်းမရှိ၍ သိမ်ငယ်ရသည့် ခံစားချက်ကို ယခုလို ရင်ဖွင့်သည်။ 

"တူမီးသမားဆို နှိမ်ချင်ကြတယ်။ ပွဲပယ်ကြတယ်။ ရဲဘော်လို့တောင် အသိမှတ်မပြုချင်ကြဘူး" 

အညာကို အမဲဖျက်နေသည့် စစ်ကောင်စီတပ်အား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ငယ်လေးများကို ထောက်ပံ့ကူညီပေးကြရန် ရဲဘော်လင်္ကာက တောင်း‌ဆိုသည်။ 

"  စစ်ခွေး ၁၅ယောက်လောက်ကို သေနတ်တလက်တည်းနဲ့ ထောက်ပြီး ကိုယ့်လူကိုယ် ပြန်ဆွဲယူလာခဲ့ရတာတွေလည်း ခဏခဏ ကြုံခဲ့တယ်။စစ်ခွေးကိုတွေ့လျက်နဲ့ သေနတ်မရှိလို့ မပစ်ခဲ့ရတာ‌တွေလည်း ရှိတယ်ဗျ " ဟု ရဲဘော်လင်္ကာက ပြောသည်။ 

ရဲဘော်လင်္ကာတို့က ယင်းမာပင်မြို့အခြေစိုက် ရွှေကြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ(၂)မှ မိုင်းအထူးအဖွဲ့အဖြစ်ရပ်တည်နေကြသူများဖြစ်သည်။သေနတ် လုံလုံလောက်လောက်မရှိသောကြောင့် နောက်တန်းတွင် ငြိမ်ကုပ်နေရမည့်အစား စစ်ကောင်စီတပ်ကို မရရသည့်နည်းဖြင့် တိုက်ခိုက်မည်ဟုဆုံးဖြတ်ကာ မိုင်းဖောက်ခွဲရေးပိုင်းကို အထူးလုပ်ဆောင်နေကြခြင်းဖြစ်သည်။ ကိုလင်္ကာတို့အဖွဲ့တွင် ဆယ်ဦးပါတပ်စိပ်တစိပ်လုံးမှာမှ သေနတ်တလက်သာရှိသည်။ထိုသေ နတ်ကလည်း ရဲဘော်သော့ချက်တို့လိုပင် ကိုယ့်ငွေနှင့်ကိုယ် ရှိစုမဲ့စု စုဆောင်းဝယ်ယူထားခြင်းဖြစ်သည်။ 

" သေနတ်တလက်ဟာ ရဲဘော်တွေအသက်ကိုလည်း ကယ်နိုင်သလို စစ်ခွေးတွေအသက်ကိုလည်း ‌ခြွေပစ်နိုင်တယ်။ စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် အခုအချိန် အရေးတကြီးလိုအပ်နေတာက လက်နက်ပါဗျ"ဟု ရဲဘော်လင်္ကာက ဆိုသည်။ 

လေးဂွ၊လက်လုပ်တူမီးတို့ဖြင့် အစပြုခဲ့သော အညာဒေသတော်လှန်ရေးသည် တော်လှန်ရေးကာလ နှစ်နှစ်အလွန်တွင် ပိုမိုအားကောင်းလာနေသည်။စစ်ကောင်စီကလည်း မဲမဲမြင်ရာ ရန်သူဟု သတ်မှတ်ပြီး သတ်ဖြတ်နေသည်။ လတ်တလော နွေရာသီ၏ ပထ မဆုံးနေ့ဖြစ်သော မတ်လ ၁ရက်နေ့ကပင် စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့ တာတိုင်ရွာမှ ပြည်သူ့ကာကွယ် ရေးရဲဘော်တဦးနှင့်ပြည်သူ၁၆ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်ရက်ရက် စက်စက်သတ်ဖြတ်ပစ်ခဲ့သည်။ မြောင် ၊ ထီးချိုင့်မြို့တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းများကို  စစ်ကောင်စီက စီးနင်းဖျက်ဆီးပစ်ခဲ့သည်။ လက်နက်အင်အားချိနဲ့နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်ခံထားသည်ဟုဆိုကာ ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာကို ရွာလုံးကျော်မီးရှို့ဖျက်ဆီးခဲ့သည်။ လက်နက်အင်အား မလုံလောက်သည့် ပြဿနာက အညာဒေသတော်လှန် ရေးအတွက် လတ်တလော အကြီးမားဆုံးအခက်အခဲဟု တော်လှန်ရေးရဲဘော်များက ထုတ်ဖော်ပြောဆို ရင်ဖွင့်လာကြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ယာယီသမ္မတဒူဝါလရှီးလက စစ်အာဏာရှင်အမြစ်ဖြတ်သုတ်သင်နိင်ရေးတွင် အခြေခံကျသည့် သူ၏ အမြင်ကို မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။ 

"  စစ်လက်နက်အင်အားနဲ့ လုပ်တဲ့သူကို လက်နက်နဲ့ ပြန်ပြီးတော့ ဆုံးမမှပဲ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။ 

တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား လက်နက်အပြည့်အစုံတပ်ဆင်ပေးနိုင်ရေးအ တွက် NUGတွင် အခက်အခဲများရှိနေဆဲဖြစ်သည်။ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင်နည်းမျိုးစုံဖြင့် ပုံအောထောက်ပံ့ပေးကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုနေကြသည်။ 

ရဲဘော်သော့ချက်တို့ အကြွေးနှင့်ဝယ်လိုက်သော သေနတ်အတွက် ချေးယူထားသည့် ကျပ်သိန်း ၉၀သည် မကြာမီ ပြန်ဆပ်ရတော့မည်။ထိုအကြွေးကြောင့် ခေါင်းမရှုပ်ရဘဲ စိတ်ဖြောင့်ဖြောင့် တိုက်ပွဲဝင်ချင်သည်ဟု ရဲဘော်သော့ချက်ကဆိုသည်။ 

" တော်လှန်ရေး အောင်ပြီးတာနဲ့ ကျွန်တော်တို့လက်ထဲက သေနတ်ကို NUG ဆီအပ်မယ်။ သေနတ်ဖိုးကုန်ကျခဲ့တဲ့ငွေကို NUGဆီကနေ ပြန်တောင်းပြီး အဲ့ဒီငွေနဲ့ရွာစာသင်ကျောင်းကို ပြန်ပြင်မယ်။ တော်လှန်နေရဆဲ ဒီကာလမှာတော့ ကျွန်တော်တို့ကို သေနတ်ဖိုး ကူညီထောက်ပို့ပေးကြပါ" ဟုရဲဘော်သော့ချက်က ‌လူထုအား တောင်းဆိုစကားဆိုသည်။ 

ကိုလင်္ကာကလည်း " တော်လှန်ရေးအတွက် မြေပြင်မှာ ဘဝ‌ တွေရင်းထားရတဲ့ ရဲဘော်တွေကို  ပြည်သူတွေက ရတဲ့နည်းနဲ့ ကူညီ စောင့်ရှောက်ပေးပါ" ဟု မေတ္တာရပ်ခံသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required