ထိုင်းတွင် ပစ်ကပ်ကားထဲ ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံရ

By ဘန်ကောက်ပို့စ်
16 March 2023
ထိုင်းတွင် ပစ်ကပ်ကားထဲ ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မူအန်းခရိုင်တွင် မတ်လ ၁၆ ရက် မနက်အစောပိုင်းက ဘီးပေါက်၍ လမ်းဘေးတွင် ရပ်ထားသည့် ပစ်ကပ်ထရပ်ကားတစ်စီးအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၃ ဦးကို ထိုင်းအာဏာပိုင်တို့ တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုကားသည် ဘယ်ဘက် အနောက်ဘီးပေါက်သွားပြီးနောက် ထိုင်းလူမျိုး ဒရိုင်ဘာဖြစ်သူက ကားကို စွန့်ခွာထွက်ပြေးသွားခဲ့သည်ဖြစ်ရာ လိုက်ပါလာသည့် မြန်မာနိုင်ငံသားများသာ ကားထဲတွင် ကျန်နေခဲ့ခြင်း ဖြစ်သည်။

ကန်ချနဘူရီ-ဆိုင်ယော့ခ် လမ်းပေါ်တွင် အလုံပိတ် သေတ္တာဘောက်စ်ပါသည့် မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကားတစ်စီး ရပ်ထားကြောင်းကို အနီးအနားရှိ ကျေးရွာနှစ်ရွာမှ ရွာလူကြီးများက ထိုင်းရဲတပ်ဖွဲ့ကို မနက် ၃ နာရီ ခွဲခန့်တွင် သတင်းပေးအကြောင်းကြားခဲ့သည်။

ထို့နောက် ထိုင်းရဲများ ရောက်သွားချိန်တွင် လမ်းဘေးတွင် ရပ်ထားသည့် ကန်ချနဘူရီ လိုင်စင်နံပါတ်ပြားပါ ပစ်ကပ်ထရပ်ကားတစ်စီးကို တွေ့ခဲ့သည်။ အလုံပိတ်ထားသည့် ဘောက်စ်ကို ဖွင့်လိုက်ချိန်တွင် အတွင်းဘက်တွင် အမျိုးသားများနှင့် အမျိုးသမီး ၃၃ ဦးကို တွေ့ခဲ့သည်။ အားလုံးသည် တရားမဝင် မြန်မာရွှေ့ပြောင်းများ ဖြစ်သည်။ ဒရိုင်ဘာဖြစ်သူမှာ ထိုနေရာတွင် ရှိမနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုင်းရဲများက စုံစမ်းမေးမြန်းရာတွင် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး မောင်းနှင်သော ပစ်ကပ်ထရပ်ကားသည် မူအန်းခရိုင်ရှိ လမ်းလွှဲတစ်ခုသို့ ဦးတည်ပြီး ရာဂျဘတ်-ကန်ချနဘူရီ လမ်းတစ်လျှောက် မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းများက ပြောသည်။ ထို့ပြင် ၎င်းတို့သည် သဘာဝ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ခေါ်သွားပေးမည့် ကားသမားကို စောင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းများက ပြောသည်။
ထို့နောက် ၎င်းတို့ ကေအန်းစီယန် လမ်းဆုံသို့ ရောက်ချိန်တွင် ယာဉ်မောင်းဖြစ်သူက ရှေ့တွင် စစ်ဆေးရေးဂိတ်တစ်ခု ရှိနေသည်ကို တွေ့ခဲ့သည်။ ယင်းနောက် ၎င်းသည် ချက်ချင်းပင် ကားကို နောက်ပြန်လှည့်မောင်းခဲ့ပြီး နှစ်ကီလိုမီတာခန့် မောင်းပြီးနောက် ကားနောက်ဘီးတာယာသည် ရုတ်တရက် ပေါက်သွားခဲ့သည်ဟု သိရသည်။ ယင်းနောက် ယာဉ်မောင်းသည် ကားကို ထားပြီး ထွက်ပြေးသွားခဲ့သည်။

ယခု ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအားလုံးကို သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းအရ ဆက်လက်အရေးယူရန် ထိုင်းတာဝန်ရှိသူများက မူအန်း ရဲစခန်းသို့ ခေါ်သွားသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly