ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦး အမှုများကို အယူခံအခွင့်အရေးမပေးဘဲ ပလပ် 

By 001 (မဇ္စျိမ)
16 March 2023
ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦး အမှုများကို အယူခံအခွင့်အရေးမပေးဘဲ ပလပ် 

စစ်ကောင်စီဘက်က စွပ်စွဲထားသည့် အဂတိအမှုများအတွက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့က အယူခံတက်သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံအခွင့်အရေးမပေးဘဲ ပလပ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ 

NLDအစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စဖြင့် အဂတိသုံးမှု ၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော် ဒက္ခိဏသိရိမြို့နယ်ရှိ မြေကွက်တစ်ကွက်နှင့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီးရှိမြေကွက်တစ်ကွက်ကို ရောင်းချမှုအတွက် အဂတိ နှစ်မှုဖြင့် စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 

ယင်းအဂတိအမှုငါးမှုအယူခံကို ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်တွင် လက်ခံ၊ မခံ ယ​နေ့ မတ်လ ၁၆ရက်​နေ့တွင် နှစ်ဖက်​လျှောက်လဲချက်ကြားနာခဲ့ပြီး​နောက် အကျဥ်းနည်းဖြင့် ပလပ်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။ 

“သူက အယူခံအခွင့်အရေးတောင် မပေးဘူးဆိုတော့ အထူးပဲရှိတော့တယ်လေ။ အယူခံအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ မှာရှိတယ်။ တရားရုံးချုပ်က တရားသူကြီးက အယူခံအခွင့်အရေးပေးရမှာကို မပေးဘူးပေါ့။ အထူးတက်ရမှာပေါ့” ဟု တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အဆိုပါ အဂတိအမှုငါးမှုအတွက် နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးက ၎င်းတို့နှစ်ဦးကို တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ် တပေါင်းတည်း သုံးနှစ်ကျခံရန် ယခင်နှစ် အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အနေဖြင့် အဂတိအမှုအပါအဝင် စစ်ကောင်စီဘက်က စွပ်စွဲထားသည့် အမှုများအတွက် တစ်ဦးလျှင် ထောင်ဒဏ် အနှစ် ၂၀ ကျော်စီချမှတ် ခံထားရခြင်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly