အင်းစိန်ထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများကို  သင်္ကြန်ကာလဖျော်ဖြေရန်အတွက် စာရင်းကောက်နေဟုဆို 

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
16 March 2023
အင်းစိန်ထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများကို  သင်္ကြန်ကာလဖျော်ဖြေရန်အတွက် စာရင်းကောက်နေဟုဆို 

သင်္ကြန်ကာလဖျော်ဖြေမှုများ ပြုလုပ်ရန်အတွက် အင်းစိန်ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကို စာရင်းကောက်ခံနေသည်ဟုသိရသည်။ 

မတ်လဆန်းပိုင်းအတွင်းက စာရင်းများ ကောက်ယူနေခြင်းဖြစ်ပြီး အမျိုးသမီးသမီးငယ်များကို အဓိကထားစာရင်း ကောက်ယူခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်တွင်း ရောက်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူ တစ်ဦး၏ ပြောပြချက်ကို သူမနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြန်လည်ပြောပြသည်။ 

“နင်တို့ကို သင်္ကြန်ပွဲတွေမှာ ဖျော်ဖြေရမယ်ပေါ့။ ပထမဖျော်ဖြေရမယ်ဆိုတော့ ယိမ်းကရမှာလားပေါ့နော်။ အဲဒီလိုမျိုးမဟုတ်ဘူး။ ယိမ်းမတိုက်ရဘူး။ အကျီတွေဘာတွေလည်းမချုပ်ရဘူး။ ဘောင်းဘီSexy ပုံစံမျိုးတွေ ဝတ်ပြီးဖျော်ဖြေရမယ်ဆိုပြီးပြောတယ်” ဟု ဆိုသည်။ 

အကျဉ်းထောင်အာဏာပိုင်များသည် နာမည်စာရင်းအတိအကျဖြင့် မဖြစ်မနေပါဝင်ကြရန်အတွက် စာရင်းကောက်ခံခဲ့ကြသည်ဟု ဆိုသည်။ 

အသက်၂၀ ဝန်းကျင်ခန့်သာရှိသေးသည့် အဆိုပါနိုင်ငံရေးအကျဉ်းသူသည် ဖျော်ဖြေရမည့်သူများစာရင်းတွင် ပါဝင်နေပြီး  သတင်းစကားကို မတ်လ ၈ရက်နေ့တွင် သူမနှင့်နီးစပ်သူများထံသို့ ပြောပြခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများကို ဖျော်ဖြေရန်အတွက် အသုံးပြုမှုအပေါ်တွင် အသံ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ဒါရိုက်တာ မဇက်ပီက  ”ဒီကိစ္စက လူ့အခွင့်အရေးချိုးဖောက်ရုံတင်မကဘူး၊ အကျဉ်းထောင်ထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင်ပျက်ပြားအောင် ပိုပြီးတော့အဆင်မပြေအောင်လုပ်တယ်လို့မြင်တယ်” ဟု ဆိုသည်။ 

အဆိုပါသတင်းနှင့်ပတ်သက်ပြီး  စစ်ကောင်စီလက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံးသို့ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ 

အင်းစိန်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအတွက် အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ထောင်တွင်းသင်္ကြန်ပြုလုပ်နိုင်ချေရှိကြောင်းနှင့် ဖျော်ဖြေမည့်ကဏ္ဍများတွင် ပါဝင်ချင်သည့်သူများကို စာရင်းကောက်ခံခြင်းပြုလုပ်နေသည်ဟု ၎င်းအနေဖြင့်ကြားသိရကြောင်း မဇ္ဈိမသို့ပြောသည်။ 

“ကျနော်သိသလောက်က တွန်းအားပေးပြီးလုပ်တာမဟုတ်ဘူး မပါချင်လည်းရတယ်လို့ကြားတယ်” ဟုဆိုသည်။ 

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် နောက်ထပ်အမျိုးသမီးရှေ့နေတစ်ဦးကမူ ပြီးခဲ့သည့် နှစ်သင်္ကြန်တွင်းကလည်း ယခုကဲ့သို့ပင်စာရင်းများကောက်ယူကာ ဖျော်ဖြေပွဲများပြုလုပ်ခဲ့ပြီး ပါဝင်သူများနှင့် မပါဝင်သူများကြားတွင် ကတောက်ကဆ ဖြစ်ခဲ့သည်ဟု  ပြောပြသည်။ 

၂၀၂၂ခုနှစ်ပြုလုပ်ခဲ့သည်ဟူသော သတင်းအချက်အလက်ကိုသာရရှိခဲ့ပြီး မည်သည့်အချိန်နှင့်နေရာများတွင် ပြုလုပ်ခဲ့သည်မူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်မှုမရှိသေးပေ။ 

ပြင်ပတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များနှင့်တော်လှန်ရေးရဲဘော်ရဲဘက်များအနေဖြင့် အမျိုးသမီးများကို စစ်ကောင်စီက ကျင်းပမည့်သင်္ကြန်မဏ္ဍပ်များနှင့် အခြားနေရာများတွင် ဖျော်ဖြေရန်အတွက် အသုံးပြုမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ 

“အပြင်ထုတ်ပြီးတော့ ဖျော်ဖြေခိုင်းမှာမဖြစ်နိုင်ဘူးလေ။ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ ။ ထွက်ပြေးရင် အကျဉ်းဦးစီးဌာနဝန်ထမ်း ထောင်ထဲဝင်ရမှာ” ဟု အင်းစိန်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအတွက် အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 
 

Photo- AFP(ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required