တရုတ်ကွန်မြူနစ်ပါတီက အီတလီ မာဖီးယားဂိုဏ်းများ၏ ငွေကြေးကို ခဝါချပေးနေ

By ANI
16 March 2023
တရုတ်ကွန်မြူနစ်ပါတီက အီတလီ မာဖီးယားဂိုဏ်းများ၏ ငွေကြေးကို ခဝါချပေးနေ

တရုတ်ကွန်မြူနစ်ပါတီသည် ဒေါ်လာဘီလီယံပေါင်းများစွာ ခဝါချရန် ရာဇဝတ်အဖွဲ့အစည်းများဖြစ်သော အီတလီမာဖီးယားဂိုဏ်းများ၊ ကိုလံဘီယာ မူးယစ်ဆေးဂိုဏ်းများ၊ ရုရှားခေတ်ပျက်သူဌေးကြီးများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သက်သေအထောက်အထားများကို အီတလီအကောက်အခွန်ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Bitter Winter သတင်းတွင် ဖော်ပြထားသည်။

အီတလီတွင် စစ်တပ်ပုံစံဖွဲ့စည်းထားသော နာမည်ကျော် အကောက်အခွန်ရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဘရက်စ်ချာမြို့ရှိ စီးပွားရေးအဖွဲ့တစ်ခုတွင် တွဲဖက်လုပ်ကိုင်နေသည့် ဇနီးမောင်နှံကို သွားရောက် စစ်ဆေးခဲ့သည်။ အဆိုပါစုံတွဲသည် အီတလီသို့ အမှန်တကယ်တင်သွင်းခဲ့ခြင်းမရှိသည့် သံထည်ပစ္စည်းများအတွက် ငွေပေးချေမှုအဖြစ် စလိုဗေးနီးယားနှင့် အခြားအရှေ့ဥရောပနိုင်ငံများသို့ ယူရို ၄ ဒသမ ၅ သန်း ပေးပို့ခဲ့သည်။

ရဲတပ်ဖွဲ့သည် ၎င်းစုံတွဲ၏ အိမ်ထဲတွင် အလိုရှိသည့် အထောက်အထား ရှာမတွေ့သည့်အတွက် ဥယျာဉ်ထဲတွင် တူးဖော်ရှာဖွေခဲ့ရာ ယူရိုငွေ ၈ သန်းတန်ကြေးရှိငွေများ ထည့်ထားသည့် သံပီပါဟောင်းများကို တွေ့ရှိခဲ့သည်။ မြေအောက်ခန်းထဲတွင် ဝှက်ထားသည့် နောက်ထပ် ယူရို ၃ သန်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ငွေအားလုံးသည် တရုတ်နိုင်ငံက လာကြောင်း Bitter Winter သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ရှာဖွေတွေ့ရှိမှုသည် ရာနှင့်ချီသော အကောက်အခွန်ရဲစုံထောက်များနှင့် နှစ်ပေါင်းများစွာ ကိုင်တွယ်လျက်ရှိသည့် ပိုးလမ်းမ စစ်ဆင်ရေးဟုခေါ်သော အကြီးစားစုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 

တရုတ်ကွန်မြူနစ်ပါတီသည် ဒေါ်လာဘီလီယံပေါင်းများစွာကို ခဝါချရန် အီတလီမာဖီးယားဂိုဏ်းများ၊ ကိုလံဘီယာ မူးယစ်ဆေးဂိုဏ်းများ၊ ရုရှားခေတ်ပျက်သူဌေးကြီးများနှင့် ပူးပေါင်းလုပ်ဆောင်လေ့ရှိကြောင်း အထောက်အထားများ တွေ့ရှိရပြီး ယခု စစ်ဆေးတွေ့ရှိမှုသည် ဥရောပတွင် ပထမဆုံးအကြိမ် ဖော်ထုတ်တွေ့ရှိမှု ဖြစ်နိုင်သည်။ 

အဆိုပါ ငွေကြေးများသည် ဒေါ်လာဘီလီယံနှင့်ချီရှိပြီး ၁၅ ဘီလီယံထက်မနည်းရှိကြောင်း၊ အပြစ်ရှိသူများအနေဖြင့် သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်ကြောင်း တရုတ်အစိုးက ချက်ချင်းမှတ်ချက်ပြုခဲ့သည်ဟု အကောက်အခွန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း Bitter Winter သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်အစိုး၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ကမ္ဘာ့စတုတ္ထအကြီးဆုံးဘဏ်ဖြစ်သည့် တရုတ်ဘဏ်မှ ဦးဆောင်သောဘဏ်အုပ်စုသည် ပေကျင်းနှင့် ရှန်ဟိုင်းရှိ ဘဏ်လုပ်ငန်းလည်ပတ်မှုတစ်ခုလုံးကို စီမံခန့်ခွဲရသည်။ အပြစ်ရှိသူမှ တရုတ်ကွန်မြူနစ်ပါတီကိုယ်တိုင်ဖြစ်ကြောင်း အထင်အရှား ညွှန်ပြနေသည်။

အီတလီတွင် တရုတ်လျှို့ဝှက်ဘဏ် (China Underground Bank-CUB) တစ်ခု လည်ပတ်ဆောင်ရွက်နေသည်ဟု ယူဆသည့်အတွက် ရဲတပ်ဖွဲ့က စတင် စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ တရုတ်လျှို့ဝှက်ဘဏ်(CUB)သည် ဘဏ်စစ်စစ် မဟုတ်သလို တရားဝင်ခွင့်ပြုထားသည့်ဘဏ်လည်း မဟုတ်ပေ။ သို့သော် ၎င်းသည် ဘဏ်အများစုကဲ့သို့ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်သည်။ ငွေလွှဲလိုသူများသည် အဆိုပါနေရာသို့ ငွေသားယူဆောင်လာကာ တရုတ်ဘဏ်များသို့ တိုက်ရိုက်လွှဲပြောင်းခြင်းဖြစ်စေ၊ ဥရောပရှိ စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် တရုတ်၏သြဇာကြီးမားသည့် ဟန်ဂေရီသို့ဖြစ်စေ ငွေလွှဲပို့နိုင်သည်။ တရုတ်အစိုးရ သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီသည် အဆိုပါငွေများကို ကိုင်ထားပြီး အီတလီသို့ ငွေသားအဖြစ် ပြန်လွှဲပေးရန် နည်းလမ်းရှာပေးသည်။ 

တရုတ်သို့ တိုက်ရိုက် သို့မဟုတ် အရှေ့ဥရောပမှတစ်ဆင့် ငွေပေးပို့ထားသူများသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ၎င်း၏မဟာမိတ်များက ရာခိုင်နှုန်းများစွာကို နုတ်ယူထားသော ငွေကြေးများကို ပြန်လည်ထုတ်ယူရန် တရုတ်စူပါမားကတ်များနှင့် စတိုးဆိုင်ငယ်များသို့ သွားရောက် ကြရသည်။ တရုတ်လျှို့ဝှက်ဘဏ် (CUB) ၏ဖောက်သည်များက ဗင်းနစ်ရှိ တရုတ်ပိုင်စတိုးဆိုင်များမှ ခိုးကြောင်ခိုးဝှက်ယူဆောင်လာသော ယူရိုငွေသန်းပေါင်းများစွာ ထည့်ထားသည့် ဂုန်နီအိတ်များကို အကောက်အခွန်ရဲများက ရှာတွေ့ခဲ့ပြီးနောက် အဆိုပါလုပ်ငန်း လည်ပတ်ပုံကို သဘောပေါက်လာခဲ့သည်။ အီတလီဒေသအများစုတွင် အလားတူစနစ်ကို အသုံးပြုလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးရာဇဝတ်မှုများနှင့် အတိုက်အခံများ၊ လူနည်းစုတိုင်းရင်းသားနှင့် ဘာသာရေးအဖွဲ့များကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းထက်ပိုသည့် ရာဇဝတ်အဖွဲ့အစည်းဖြစ်ကြောင်း တရုတ်လျှို့ဝှက်ဘဏ် (CUB) ကိစ္စက ဖော်ပြနေသည်။ ၎င်းသည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်များနှင့် အခြား ရာဇဝတ် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရာဇဝတ်မှုများကို ပုံမှန်ကျူးလွန်သည့် အဖွဲ့ဖြစ်ကြောင်း Bitter Winter တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly