အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသော ဗိုလ်ချုပ်ကြီး လီရှန်ဖုအား ကာကွယ်ရေးဝန်ကြီးအဖြစ် တရုတ် ခန့်အပ်

By ANI
16 March 2023
အမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသော ဗိုလ်ချုပ်ကြီး လီရှန်ဖုအား ကာကွယ်ရေးဝန်ကြီးအဖြစ် တရုတ် ခန့်အပ်

တရုတ်နိုင်ငံသည် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော ဗိုလ်ချုပ်ကြီး လီရှန်ဖုအား ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် မတ်လ ၁၂ ရက်တွင် ခန့်အပ်လိုက်သည်။ 

လီသည် ၂၀၁၈ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့အရေးယူခြင်းခံခဲ့ရပြီး တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေး တင်းမာလာချိန်တွင် ၎င်းအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ 
အာကာသ‌ပညာရှင် လီရှန်ဖုအား ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲ၏ နေရာတွင် အစားထိုးခန့်အပ်ရန် တရုတ်ဟန်ပြလွှတ်တော်ဖြစ်သည့် နိုင်ငံလုံးဆိုင်ရာပြည်သူ့လွှတ်တော်က တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့သည်။

လီသည် Su-35 တိုက်ခိုက်ရေး လေယာဉ် ၁၀ စင်းနှင့် S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်နှင့်ဆက်စပ်သည့် ကိရိယာများအပါအဝင် ရုရှားလက်နက်များ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်တွင် ပိတ်ဆို့အရေးယူခြင်းခံခဲ့ရကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ရာထူးခန့်အပ်မှုကို သံတမန်ရေးရာနှင့် လုပ်ထုံးလုပ်နည်းတစ်ခုအဖြစ်သာ ယူဆကြသော်လည်း လီအား အမေရိကန်က အနီးကပ်စောင့်ကြည့်နေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လီရှန်ဖုအား ၂၀၁၆ ခုနှစ်တွင် တရုတ်၏ အာကာသနှင့် ဆိုက်ဘာစစ်ရေး စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်လုပ်ဆောင်ပေးခဲ့သည့် ထိုစဉ်က အသစ်ဖွဲ့စည်းခဲ့သော တရုတ်စစ်တပ်၏ ဗျူဟာမြောက်အထောက်အကူပြုတပ်ဖွဲ့၏ ဒုတိယတပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ 

ထို့နောက် လီရှန်ဖုသည် သမ္မတရှီ ဦးဆောင်သည့် တရုတ်အစိုးရ ကာကွယ်ရေးအဖွဲ့ဖြစ်သာ ဗဟိုစစ်ကော်မရှင် (CMC) ၏ ကာကွယ်ရေးဆိုင်ရာတီထွင်ထုတ်လုပ်ရေးဌာန၏ အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။
နိုင်ငံလုံးဆိုင်ရာပြည်သူ့လွှတ်တော်၏ မတ်လ ၁၂ ရက်က အစည်းအဝေးအတွင်း လီအား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အခြား အကြီးတန်းရာထူးခန်အပ်မှုများအဖြစ် ဒုတိယဝန်ကြီးချုပ်သစ် ၄ ဦးကိုလည်း ခန့်အပ်ခဲ့သည်။

ဝန်ကြီးချုပ်သစ် လီချန်းက အမည်စာရင်းတင်သွင်းခဲ့သည့် ၎င်းတို့ ၄ ဦးစလုံးသည် ၃ နှစ်ကြာကျင့်သုံးခဲ့သော တင်းကျပ်သည့် ကိုဗစ်လုံးဝကင်းစင်ရေး ကန့်သတ်ချက်များဖြေလျှော့ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး  ဆောင်ရွက်ရန်တာဝန်ရှိသည့် နိုင်ငံတော်ကောင်စီတွင် ဒုတိယ ဝန်ကြီးချုပ်များအဖြစ် ထမ်းဆောင်သွားမည် ဖြစ်သည်။

ယခုနောက်ဆုံး ရာထူးခန့်အပ်မှုသည် တတိယသမ္မတသက်တမ်း တရားဝင်ခန့်အပ်ခြင်းခံရသော ရှီကျင့်ဖျင်၏ ကြီးမားသော အစိုးရအဖွဲ့အပြောင်းအလဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly